Home သတင်း မြစ်ရေလျှံမှုကြောင့် မြစ်ကြီးနားဒေသခံများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေရ

မြစ်ရေလျှံမှုကြောင့် မြစ်ကြီးနားဒေသခံများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေရ

924
Photo: Social Media

ဇူလိုင်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသောကြောင့် ဒေသခံများ အနေဖြင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း မြစ်ကြီးနားမြို့နေ ဒေသခံများက ပြောသည်။

ယမန်နေ့ ဇွန်လ(၃၀)ရက်နေ့ နေ့လည်ပိုင်းဝန်းကျင်မှ စတင်ကာ မေခမြစ်နှင့် မလိခမြစ်များတွင် ရေလျှံပြီး ဧရာဝတီမြစ်ရေကြီး ဖြစ်ပေါ်သောကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရမ်ပူ၊ လယ်ကုန်း၊ ကြက် ပေါင်ခြံ နှင့် စီတာပူ စသည့် ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်းသို့ ရေများဆက်တိုက် ဝင်ရောက် လာသောကြောင့် ဒေသခံများ အနေဖြင့် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရေအဓိကကြီးတာကတော့ မေလနဲ့မလိခမြစ် အဲ့ဒီရဲ့အထက်ပိုင်းမှာ မိုးတော်တော်ရွာတယ်။ နောက်ပြီး တော့ ရေခဲတောင်သုံးတောင်လောက်ပြိုသွားတယ်။ ဒါတောင် အဲ့ဒီကရေတွေက အခုထိ မြစ်ကြီး နားတောင် မရောက်သေးဘူး။ ရေကတစ်မြို့ လုံးနီးပါးမြှုပ်နေပြီး။ အခုမြစ်ကြီးနားက မိုးတောင်မရွာဘူး ။ မိုးကဖွဲဖွဲလေးပဲ ရွာတာ။ မိုးရွာနှုန်းနည်းတယ်။ ဘယ်လောက်မှလည်း မရှိဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

ရေများဆက်တိုက် တက်လာသောကြောင့် ရေကြီးသည့် နေရာတော်တော် များများတွင် ဖုန်းအင် တာနက်လိုင်း များလည်း ပြတ်တောက်နေပြီး အစိုးရရုံးများ နှင့် ရေကြီးခြင်းမရှိသေးသည့် နေရာတချို့တွင်သာ ဖုန်းအင်တာနက်လိုင်းများ ရရှိနေသောကြောင့် ဒေသခံများအနေဖြင့် အခက်အခဲများ ရှိနေကြောင် ၎င်း ဒေသခံအမျိုး သမီးက ဆက်ပြောသည်။

Photo: Social Media

“မနက်က ရမ်ပူဘက်ကို သွားတော့ အင်တာနက်လိုင်းပြတ်သွားတယ်။ ပြီးတော့မြို့နားက အစိုးရရုံးနား ရောက်တော့ လိုင်းပြန်ရတယ်။ အဲ့တာကလည်း ပြောရတော့ ခက်တယ်။ အင်တာနက်လိုင်းတွေကိုလည်း ကွက်ကျား ကွက်ကျား ဖြတ်ထားတယ်ထင်တယ်။ တကယ်ရေဘေးထိတဲ့နေရာတွေမှာက အင်တာနက်လိုင်းတွေ မရဘူး။ မြို့တွင်းပိုင်း အစိုးရရုံးနဲ့ပက်သက်တဲ့နေရာတစ်ဝိုက်မှာဘဲ လိုင်းတွေမိတယ်။ လူမှုကယ်ဆယ်ရေးတွေ ဆက်တာ တစ်ခုမှ ဆက်သွယ်လို့မရဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

ရေကြီးမှုနူန်းသည် ဇွန်လ(၃၀)ရက် ညနေ(၆)နာရီဝန်းကျင်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် (၁၂၀၀ စင်တီမီတာ) အထိရောက်ရှိနေပြီး ယနေ့တွင်လည်း စိုရိမ်ရေမှတ် (၁၃၀၀ စင်တီမီတာ)ကို ရောက်ရှိ နေပြီဖြစ်ကြောင်း၊ လေးနာရီခြားတခါ ရေများမြင့်တက် လျက်ရှိနေပြီး စိုးရိမ်ရေမှတ်(၁၄၀၀ စင်တီမီတာ)သို့ရောက်ရှိပါက တစ်မြို့လုံးနီးပါး ရေနစ်မြှုပ်နိုင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ယခုလို ရေကြီးရေလျှံမှုများကြောင့် မြစ်ကြီးနာ ဒေသခံများအတွက် အရေးပေါ် နေရာထိုင်းခင်း နှင့် အစားအသောက် အပြင် သန့်ရှင်းသည့် ရေများ ရရှိရန် အခက်အခဲဖြစ်နေသောကြောင့် အရေးပေါ် အကူ အညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယခုဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် (၂၀၀၄) ခုနှစ်တွင်လည်း မေခမြစ်နှင့် မလိ ခမြစ်ရေ လျှံတက်မှုများကြောင့် စိုးရိမ်ရေမှတ်(၁၄၀၈ စင်တီမီတာ)အထိ မြှင့်တက်ခဲ့သောကြောင့် ဒေသခံများအနေဖြင့် အိုးအိမ်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သေးသည်။