Home သတင်း မုန်းမြို့နယ်တွင် မိုးတွင်းကာလ ဝမ်းရောဂါဖြစ်ပွားမှုရှိလာပြီး ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်နေ

မုန်းမြို့နယ်တွင် မိုးတွင်းကာလ ဝမ်းရောဂါဖြစ်ပွားမှုရှိလာပြီး ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်နေ

538
Photo: CJ

ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးတွင်းကာလ အဖြစ်များလေ့ရှိသည့် ဝမ်းရောဂါဖြစ်ပွားနေပြီး ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်မှုရှိနေကြောင်း ကေအဲန်ယူနှင့် မြို့တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီကစစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသလို လက်နက်ကြီးနှင့်ဒရုန်းများ အသုံးပြုပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများမှာ စစ်ဘေးအပြင် မိုးရာသီဖြစ် သည့်အလျောက် သန့်ရှင်းမှုမရှိသော ပတ်ဝန်းကျင်ကြောင့် ဝမ်းရောဂါနှင့်ဆေးပြတ်လပ်မှု တွေ့ကြုံနေရသည်ဟု ကေအဲန်ယူ-ဗဟိုကလည်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

မိုးဦးကျကာလဖြစ်သည့် ဇွန်လပိုင်းမှစတင်၍ ဒေသခံများအကြား ဝမ်းရောဂါ ဖြစ်ပွားမှု ရှိလာပြီး ကာလဝမ်းရောဂါဟုတ်မဟုတ် မသိရသေးသော်လည်း ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်မှုရှိနေသည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ၏ မုန်းမြို့နယ်တာဝန်ရှိသူ အမျိုးသားက ပြောသည်။

၎င်းက “ဝမ်းရောဂါ နဲ့တော့ ဆေးရုံမှာ နှစ်ယောက် သုံးယောက်တွေ့လာတယ် ။ ကာလဝမ်းရောဂါဟုတ်မဟုတ်တော့ မသိရသေးဘူးနော်။ ငါးထွေစုပ်တို့ ဘာတို့ ရွာတွေဘက်မှာက ဝမ်းပိတ်ဆေးတွေပြတ်လပ်ကုန်တယ်။ ဝယ်သုံးတဲ့သူများလို့ထင်တယ်။ ၆ လပိုင်းလောက်ကတည်းက စဖြစ်လာတာတွေ့နေရတယ်။ အဖြစ်များတဲ့အထဲတော့မပါသေးဘူး” ဟု အဆိုပါအမျိုးသားက ကေအိုင်စီသို့ ပြောသည်။

ရောဂါဖြစ်ပွားသူများအတွက် ရွာအခြေစိုက် ဆေးပေးခန်းများအပြင် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)မှ မိုဘိုင်းကျန်းမာရေးအဖွဲ့များက ကုသမှုပေးနေပြီး ဆေးခန်းလာ ရောက်ပြသသူ လူနာများတွင် ဝမ်းရောဂါအပြင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူအချို့ပါ တွေ့နေရကြောင်း ကျန်းမာရေးဝန်ထမ်းများနှင့်နီးစပ်သူထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှုတို့ကြောင့် မုန်းမြို့နယ်ရှိ စစ်ရှောင် ပြည်သူအများစုမှာ နေရပ်ပြန်ရန် လုံခြုံရေးစိန်ခေါ်မှုရှိခြင်းကြောင့် ယာယီစစ်ဘေးရှောင်ရာ အရပ်တွင်သာ နေထိုင်ရခြင်းဖြစ်သလို လိုအပ်ချက်များပြားသဖြင့် ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်မူ ဂရုတစိုက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း အထက်ပါ မုန်းမြို့နယ်တာဝန်ရှိသူက ဖြည့်စွက်၍ပြောသည်။

“သန့်ရှင်းရေးအတွက်ကတော့ ကျနော်တို့ဘာမှလုပ်ပေးလို့မရသေးတဲ့အနေအထားပေါ့ ၊ ပြန်လို့ရတဲ့ရွာတွေကနည်းတယ်။ အကြောက်တရားကပိုများနေတော့ မပြန်ကြတော့တဲ့ရွာတွေကများတယ်။ လက်နက်ကြီးနဲ့ဒရုန်းကတော့ ပစ်တာပဲ ပစ်တာမှ နားရည်တောင်ဝနေသလိုပဲ” ဟု ၎င်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူ က ဆိုသည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးအချို့တွင်လည်း ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်လျက်ရှိရာ သာမန်ဝမ်းပျက်ဝမ်းလျှောမှ ကာလဝမ်းရောဂါပိုးကူးဆက်ခံရသူ (၂၀) ရာခိုင်နှုန်းခန့်ရှိပြီး ပြင်းထန်ကာလဝမ်းရောဂါကြောင့် သေဆုံးသူများလည်း ရှိလာကြောင်း ဒေသတွင်းမီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။

အစားအသောက်၊ လက်နှင့်အိမ်သာ အသုံးပြုမှု သန့်ရှင်းခြင်းဖြင့် ကာလဝမ်းရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်သလို ကာလဝမ်းနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ အမှတ်မှားနိုင်သည့်အတွက် မည်သည့်ပုံစံဖြင့်ဖြစ်စေ ရောဂါဖြစ်ပွားပါက ရေဓာတ်အမြန်ဆုံးပြန်လည်ဖြည့်တင်းရန်၊ ပူနွေးသန့်ရှင်းသော အစားအသောက် စားသုံးရန်နှင့် လိုအပ်ပါက နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးဆေးကုသမှု ခံယူရန်ကိုလည်း ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းထားသည်။