Home သတင်း ဇရပ်ကြီးဒေသတွင် နေအိမ်အတွင်းထိ ဝင်ရောက် ဆိုင်ကယ်ခိုးယူမှု များပြားလာ

ဇရပ်ကြီးဒေသတွင် နေအိမ်အတွင်းထိ ဝင်ရောက် ဆိုင်ကယ်ခိုးယူမှု များပြားလာ

885
Photo: CJ

ဇူလိုင် ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသရှိ အချို့ကျေးရွာများတွင် ယခုဇူလိုင် လဆန်းပိုင်းမှစ၍ နေအိမ်အတွင်းထိဝင်ရောက် ဆိုင်ကယ်ခိုးယူမှုများလာကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များက ပြောသည်။

အဆိုပါဒေသရှိ နတ်ရွာ၊ နှစ်တန်ကူး၊ မိုးကောင်း၊ ချောင်းခြား၊ သပြေကွင်း အစရှိသည့် ကျေးရွာများတွင် ဇူလိုင် ပထမအပတ်မှ လက်ရှိချိန်ထိ နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး ဆိုင်ကယ်များကို အဓိက ခိုးယူခြင်း ဖြစ်သလို တစ်ခါတစ်ရံ ရွှေထည်ပစ္စည်းနှင့်ငွေကြေးများပါ ရက်ပိုင်းသာခြား၍ ခိုးယူခံနေရသည်ဟု ဒေသခံများ ထံမှ သိရ၍သည်။

ဇရပ်ကြီးဒေသခံ အမျိုးသားတစ်ဦးက “တစ်ရက်ပြီး တစ်ရက် အခိုးခံရတာ မနက် ၃နာရီ၊ ၄ နာရီ အချိန်ပေါ့။ သော့ကို ဂဟေဆော်တဲ့ ဂတ်စ်မီးနဲ့ ဆော်ပြီး၊ ဖြတ်ပြီးတော့ကို ဝင်ခိုးတာ။ နိုးတဲ့အိမ်ရှင် တစ်ယောက်ပဲ ရှိတယ် အဲ့ဒီအိမ်ကမပါသွားဘူး။ သော့တွေအကုန်ဖြတ်ပြီးပြီ ဆိုင်ကယ် ဆွဲထုတ်ဖို့ပဲကျန်တယ်။ နတ်ရွာ၊ နှစ်တန်ကူးရွာ တစ်ရက်ခြား ပြီးတော့ မိုးကောင်းရွာ ခိုးခံရတယ်။ ပြီးတော့ နတ်ရွာနဲ့ နှစ်တန်ကူး ပြန်ခိုးခံရပြန်ရော” ဟု ၎င်းက ပြောသည်။

ဇရပ်ကြီးဒေသ၊ နတ်ရွာကျေးရွာအုပ်စုအတွင်းရှိ နတ်ရွာတွင် ၅ ကြိမ်ထက်မနည်း သူခိုးဝင်ရောက်မှုအများဆုံး ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဆိုင်ကယ်အစီးရေ ၁၀ စီးကျော် ခိုးယူခံထားရသည်ဟု နတ်ရွာဒေသခံများထံမှ သိရသည်။

ဇရပ်ကြီးဒေသတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထန်းတပင်မြို့နယ်အဝင်အထွက်နေရာ အချို့ကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ ချထားပြီး တင်းကြပ်စွာ စစ်ဆေးလျက်ရှိသော်လည်း နေအိမ်ဖောက်ထွင်း ခံရမှု အများအပြား ဖြစ်ပွားခဲ့သလို ယခုလိုဆိုင်ကယ်ခိုးယူမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာက ဖမ်းဆီးရမိသည့် ဖြစ်စဥ်မရှိသေးကြောင်း သိရသည်။

“နှစ်တန်ကူးက ရာအိမ်မှူးဆိုင်ကယ်ပါ အခိုးခံရတယ်။ ခိုးခံရတဲ့သူတွေ ရဲစခန်းတိုင်မတိုင်တော့ မသိဘူး။ ၁၅ ရက် နေ့ကတော့ သူခိုး မိတယ်လို့ ပြောကြတယ်။ ရဲလက်ထဲအပ်ရင် အချိန်တန်ရင် ပြန်လွတ်လာမှာပဲဆိုပြီးတော့ ရဲလက်ကို မအပ်ကြဘူး။ အရင်နှစ်ကဆို သူခိုးမိသေးတယ်၊ ရက်အကြာကြီးရှိနေပြီ တရုတ်ဘီးမို့လို့ အရောင်း မထွက်တော့ ဆိုင်ကယ်ပါပြန်ရတယ်” ဟု ဇရပ်ကြီးဒေသခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတပ်တို့ ဇရပ်ကြီးဒေသအတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ကလေကြောင်းပစ်ကူမှု အများအပြားပြုလုပ်သဖြင့် လူဦးရေသောင်းနှင့်ချီ တောင်ငူ မြို့ ပေါ်သို့ စစ်ဘေးရှောင် ခဲ့ရသည်။ ထို့နောက် တိုက်ပွဲများပြန်လည်ငြိမ်သက်ချိန်တွင် လူမရှိသည့် စစ်ရှောင် နေအိမ်အများအပြား ဖောက်ထွင်းခံရမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်က ဒေသတွင်း တရားဥပဒေစိုးမိုးမှုမရှိသလို နေအိမ်ဖောက်ထွင်းဝင်ရောက်လာသူများတွင် လက်နက် ငယ်များ ပါလာသဖြင့် ဖောက်ထွင်းမှုကို မျက်မြင်တွေ့မြင်နေရသော်လည်း လုံခြုံရေးကြောင့် နှုတ်ဆိတ်နေရသည့် အခြေအနေများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။