Home သတင်း စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲ ဒေသခံ(၃)ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲ ဒေသခံ(၃)ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရ

537
Photo: TNLA

ဇူလိုင်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ဒေသ(၂) နယ်မြေ၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ဇူလိုင်လ (၂) ယမန်ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁)ရက်၊ ညနေ(၆)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက် ကြီး ကျည်သည် ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက် နှင့် သီပေါမြို့ စံဖိတ်ကွက်သစ် အတွင်းသို့ ကျရောက် ပေါက် ကွဲခဲ့ သောကြောင့် ၎င်းရပ်ကွက်နေ ဒေသခံပြည်သူ (၃)ဦးသေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်မဲမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက “အခုလက်ရှိမှာတော့ စိုးရိမ်နေကြတယ်။ လားရှိုးဘက်မှာလည်း ပြန်ပစ်နေကြတယ်။ မြို့ထဲကနေပြီးတော့ တချို့တွေဆို လေယာဉ် မလာခင်ကတည်းက ကြိုတင်ပြီး နေရာ ပြောင်းလိုက်ကြတယ်။ တချို့တွေကြတော့လည်း နီးစပ်ရာရွာတွေမှာ ပြောင်းပြီး နေထိုင်နေကြတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

Photo: TNLA

အဆိုပါ ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ အကြား ဇွန်လ ၂၅ ရက်နေ့မှစပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကာ တိုက်ပွဲကာလ (၆) ရက်တာအတွင်း အရပ်သား (၂၅) ဦး သေဆုံးပြီး (၃၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့်ပေါင် ၅၀၀ ဗုံးကို ပိုမိုအသုံးပြုလာကာ လက်နက်ကြီးပစ်ခတ်မှုများကို ဆက် တိုက်လုပ်ဆောင်လျက်ရှိကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှသိရသည်။

လက်ရှိတွင်လည်း (၁၀၂၇) စစ်ဆင်ရေး အပိုင်း (၂ )တိုက်ပွဲအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံပြည်သူ (၁၀,၀၀၀) ကျော်စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲများအပြင် မိုးတွင်းကာလအတွင်း ဆေးဝါး အခက်အခဲများ နှင့် နေရာထိုင်ခင်း အခက်အခဲများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေကြသူများ၏ ပြောဆိုချက်များအရ သိရသည်။