ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ထီးမူးထကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်၊ နံနက်က စစ်ကောင်စီအောင်ဇေယျစစ်ကြောင်း ပစ်ခတ်လိုက်သော အတွဲလိုက် မစ်ဇိုင်းဒုံးကျည်များ ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၂ လုံးအပြင် ကားနှင့် အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၉၊ နံနက် ၁၁ နာရီအချိန်တွင် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ စစ်ကောင်စီ အောင်ဇေယျ စစ်ကြောင်းက ပစ်ခတ်လိုက်သော မစ်ဇိုင်းဒုံးများသည် ထီးမူးထကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၁၁) နှစ်နှင့် အသက် (၅) နှစ်အရွယ် ကလေးငယ် ၂ ဦး တို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ထီးမူးထကျေးရွာသား နေအိမ် (၁၂) လုံးအပြင် ပြည်သူပိုင်ကားနှင့် အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သည်ဟုလည်း ကေအဲန်ယူ ဒူးပလာယာခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။