Home သတင်း လောင်းလုံးတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး စစ်ကောင်စီတပ် ပစ်သတ်

လောင်းလုံးတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး စစ်ကောင်စီတပ် ပစ်သတ်

369
Photo: CJ

ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ၊ နတ်ရေ ရတနာကျောင်းတိုက်အနီး နေအိမ်ရှိ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ယမန်နေ့ ဇူလိုင်လ (၁၀)ရက်နေ့က နေအိမ်ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက နတ်ရေရတနာကျောင်းတိုက်အနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် အင်အား(၄၀)ခန့်ပါဝင်သော စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ကျောင်းတိုက်နှင့်မျက်နှာချင်းဆိုင် နေအိမ်သို့ ဝင်ရောက်ကာ သေဆုံးသူ မသက်ထားခိုင်၏မိဘနှစ်ပါးကို အကြမ်းဖက်ရိုက်နှက်၍ ၎င်းအား ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ကျောင်း ရှေ့အိမ်က မိသားစုက ဗုံးခိုကျင်းထဲဝင်ပုန်းနေတာ အဲဒါကို စစ်တပ်က အိမ်ထဲဝင်လာပြီး လူမရှိဘူးလား၊ ထွက်လာခဲ့ဆိုပြီးပြောတော့ လင်မယားနှစ်ယောက်က ထွက်လာတယ် ။ သူတို့ကိုစစ်ဆေးပြီးတော့ တစ်နာရီလောက်ကြာအောင် ထိုင်ခိုင်းပြီး ရိုက်လားထုလား လုပ်တယ်ပေါ့။ အဲဒီမှာ ဗုံးခိုကျင်းထဲမှာ ကျန်ခဲ့တဲ့ ကလေးမလေးက သူ့မိဘတွေကိုစိတ်ပူလို့ ထွက်လာတဲ့အခါမှာ စစ်တပ်က ပစ်သတ်လိုက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် သေဆုံးသူ၏နေအိမ်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များကို ထောက်ပို့လုပ်ဆောင်နေသည်ဟု စွပ်စွဲဝင်ရောက်၍ အိမ်ရှင်လင်မယားအား စစ်ဆေး ရိုက်နှက်ခဲ့ခြင်းဖြစ်သလို အနီးပတ်ဝန်းကျင် နေအိမ်များမှ ငွေကြေးနဲ့ဆန်အိတ်များကိုလည်း ယူဆောင်သွားသေးကြောင်း ထိတွေ့တိုက်ပွဲတွင် ပါဝင်သည့် နွေဦးပြောက်ကျား တပ်ဖွဲ့က ပြောသည်။

Photo: CJ

“စစ်တပ်က PDF တွေထောက်ပို့လုပ်တယ်ဆိုပြီး အိမ်ရှင်လင်မယားကို ရိုက်တယ်။ အဲဒီမှာသူတို့ သမီး ကလေးမလေးက သူ့မိဘကိုရိုက်တယ်ဆိုပြီး ဗုံးခိုကျင်းထဲကနေထွက်လာတာကို သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ သိရတယ်။ အဲဒီပတ်ဝန်းကျင်ကအိမ်တွေကလည်း ပိုက်ဆံနဲ့ဆန်အိတ်တွေယူသွားသေးတယ်” ဟု နွေဦးပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောသည်။

လက်ရှိတွင် မသက်ထားခိုင်၏ရုပ်အလောင်းအား နေအိမ်အတွင်း ထားရှိပြီး ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်၏ အဆင်အခြင်မဲ့သောလုပ်ရပ်မှာ အရပ်သားများအပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုမြောက်သည့်အတွက် တာဝန်ရှိသူများ တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့ထုတ်ပြန်ထားသည်။

မြန်မာ့အမျိုးသမီးများ သမဂ္ဂ-BWU ၏ စာရင်းများအရ ပြီးခဲ့သည့် ဇွန်လတစ်လတာအတွင်း စစ်ကောင်စီက အကြောင်းမဲ့သတ်ဖြတ်မှု၊ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုအပြင် မြေမြှုပ်မိုင်းများကြောင့် သေဆုံးရသည့် အမျိုးသမီးစုစုပေါင်း (၆၇)ဦး ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က တိုက်ပွဲဖြစ်စဥ်တွင် ကျောင်းတိုက်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီး (၃)နာရီကြာ တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုများ တုံ့ပြန်လုပ်ဆောင်ခဲ့သော်လည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုကြီးကြီးမားမား မရှိဘဲ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု (၃)ဦးထက်မနည်း ရှိနိုင်သည်ဟု နွေဦးပြောက်ကျား၏ တာဝန်ခံက ဆိုသည်။