Home သတင်း မဲ့သဝေါလမ်းပိုင်း အသုံးပြု မြန်မာပြည်တွင်းသို့ ပို့ကုန်အချို့ အဖမ်းအဆီးရှိ၊ တရားဝင်ကုန်သွယ်ခွင့်ရရေး KNU စဥ်းစားနေ

မဲ့သဝေါလမ်းပိုင်း အသုံးပြု မြန်မာပြည်တွင်းသို့ ပို့ကုန်အချို့ အဖမ်းအဆီးရှိ၊ တရားဝင်ကုန်သွယ်ခွင့်ရရေး KNU စဥ်းစားနေ

255
Photo: CJ

ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)၊ ဖားအံခရိုင်အုပ်ချုပ်မှုအောက်ရှိ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါဒေသ လမ်းပိုင်းကိုအသုံးပြု၍ မြန်မာပြည်တွင်းသို့ တင်ပို့နေသော စားသုံးကုန်ပစ္စည်းအချို့ စစ်ကောင်စီဂိတ်တွင် ဖမ်းဆီးခံရမှုများရှိနေသဖြင့် ပြည်သူများတရားဝင်ကုန်သွယ်နိုင်ရေး စဥ်းစားနေကြောင်း KNU ဖားအံခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ဇွန်လကုန်ပိုင်းမှစ၍ ကရင်နယ်ခြားစောင့်တပ်-BGF က ဖားအံမြို့အထိပေါက်ရောက်သော မဲ့သဝေါလမ်းပိုင်းကို တရားဝင်ကုန်စည်သွားလာခွင့်ရရေး ထိုင်းနိုင်ငံနှင့်တကွ KNU ဖားအံခရိုင်ဘက်ကို ညှိနှိုင်းနေသည့်သတင်းများ ပေါ်ထွက်လာပြီးနောက် ကုန်တင်ယာဥ်အချို့မှာ အဆိုပါလမ်းပိုင်းကို အသုံးပြု ကုန်သွယ်နေကြခြင်းဖြစ်သည်။

သို့သော် တရားဝင်ကုန်သွယ်ခွင့်ပြုမထားသည့်အဆိုပါလမ်းပိုင်းပေါ်ဖြတ်သန်း၍ ကုန်ပစ္စည်းတင်သွင်းကြရာတွင် ထိုင်းမှမြန်မာပြည်တွင်း ပို့ကုန်အချို့အား စစ်ကောင်စီတပ်ဘက်မှ ဖမ်းဆီးခဲ့ခြင်းရှိသဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် တရားဝင်ကုန်သွယ်ခွင့်ရရန် စဥ်းစားနေကြောင်း KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြောသည်။

၎င်းက “ဒီဘက်ကို ပိတ်တော့မပိတ်ပါဘူး။ တရားဝင်လာမယ်ဆိုရင်တော့ ခွင့်ပြုမှာပါ။ ဒီအပိုင်းမှာလည်း ထိုင်းကဘယ်လောက်ခွင့်ပြုမလဲ ရှိသေးတယ်။ ထိုနည်း၎င်းပဲ မြန်မာနိုင်ငံကလည်း ဒီလမ်းကတရားမဝင်ဘူးလို့ ပြောလာတဲ့အပေါ်မှာ ဆီပုံးတွေဘာတွေကို သူများဖမ်းတာရှိတယ်။ ပြည်သူအကျိုးအတွက် တရားဝင်ဖြစ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ကျနော်တို့ စဥ်းစားနေတဲ့ အဆင့်မှာပဲရှိသေးတယ်။ အဖြေရှာနေတုန်းပဲ” ဟု ပဒိုစောအောင်မော်အေးက ပြောသည်။

Photo: CJ

BGF, KNU နှင့်ထိုင်းနိုင်ငံ သုံးဖွဲ့မှ မဲသဝေါလမ်းပိုင်း အသုံးပြုကုန်သွယ်ခွင့် တရားဝင်ရရန် ညှိနှိုင်းနေဆဲအခြေအနေတွင် သောင်ရင်းမြစ်ကိုဖြတ်သန်း၍ ကုန်သွယ်နေကြရာ မြန်မာဘက်ခြမ်း စစ်ကောင်စီဂိတ်များတွင်သာမက ထိုင်းနိုင်ငံဘက်ခြမ်းမှလည်း အဖမ်းအဆီးရှိလာသဖြင့် ယခုလတ်တလောတွင်မူ ကုန်သွယ်ကမ်းကူးမှု လျော့ကျသွားကြောင်း ယာဥ်မောင်းအချို့ထံမှ သိရသည်။

အမည်မဖော်လိုသူ ယာဥ်မောင်းတစ်ဦးက “မဲ့သဝေါလမ်းကတော့ လူသွားနည်းသွားပြီ၊ ဒီဘက်(မဲ့သဝေါလမ်း)က သွားမှန်းသိသွားတော့ ပုလိပ် ဂိတ်တွေပေါ်လာပြီး ပိုက်ဆံလည်းကောက်တယ်။ ဘယ်သူမှသိပ်မသွားတော့ဘူး။ ပုလိပ်ကြေးနဲ့တင်ကုန်သွားမယ် ။ ကျနော်တောင် မြဝတီဘက် ကားပြန်ဆွဲနေရတယ်” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်ထားပြီးနောက် ခရီးသည်တင်၊ ကုန်တင်မော်တော်ယာဥ်များမှာ အခြေအနေအရ ယခင်လမ်းဟောင်းကို ပြန်လည်အသုံးပြုလာကြသော်လည်း နာရီပေါင်းများစွာ ကြာအောင်ကားပိတ်ဆို့ခြင်း၊ ကော့ကရိတ်မြို့တွင်းလမ်းမှလည်း ဂိတ်ကြေးများစွာ ပေးရခြင်းတို့ဖြင့် သွားလာနေရသည်ဟု ကိုယ်တိုင်တွေ့ကြုံနေရသည့် ယာဥ်မောင်းများက ပြောသည်။

လက်ရှိတွင်လည်း နှစ်ဖက်တပ်ဖွဲ့အကြား တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး ကော့ကရိတ်မြို့ အတွင်း အပြင်နေလူထု လက်နက်ကြီးထိမှန် ဒဏ်ရာရရှိမှုများအပြင် ရွာချင်းဆက်လမ်းရှိ ကျေးရွာဘက်တွင်ပါ လက်နက် ကြီးကျရောက်သဖြင့် နေထိုင်သွားလာသူတို့အတွက် လုံခြုံစိတ်ချရမှု မရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။