Home သတင်း မဲဆောက်တွင် အိမ်တွင်းအကြမ်းဖက်၊ လူသတ်မှုကျူးလွန်ထားသူကို ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပြီးစီး

မဲဆောက်တွင် အိမ်တွင်းအကြမ်းဖက်၊ လူသတ်မှုကျူးလွန်ထားသူကို ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပြီးစီး

639
Photo -Htake Htar

ဇူလိုင်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် အိမ်တွင်းအကြမ်းဖက်၊ သတ်ဖြတ်မှုကျူးလွန်ထားသူ ကို ဝဠာဆိုသူအား ဇူလိုင် ၇ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် Lion Battalion စစ်ကြောင်းက Sisters 2 Sisters အဖွဲ့မှတဆင့် ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မဲဆောက်မြို့တွင် အိမ်တွင်းအကြမ်းဖက်၊ လူသတ်မှုကျူးလွန်ထား၍ ထိုင်းအာဏာပိုင်က အလိုရှိသူ ကိုဝဠာအား အခင်းဖြစ်ပွားပြီး သုံးလအကြာတွင် ထိုင်း−မြန်မာနယ်စပ်ကျောက်ခက်ကျေးရွာမှတဆင့် တာ့ခ်ခရိုင် ၊ ဖုတ်ဖရတ်မြို့ရဲစခန်းနှင့် ထိုမှတဆင့် မဲဆောက်မြို့ရဲ့စခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း Sister to sister အဖွဲ့မှ မထိပ်ထားက ပြောသည်။

ပြစ်မှုကျူးလွန်ထားသူ ကိုဝဠာသည် ယခင်က Lion Battalion စစ်ကြောင်း၏ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သောလအနည်းက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်း၊ မဲဆောက်မြို့တွင် ပြစ်မှုကျူးလွန်ပြီးနောက် တော်လှန်ရေးနယ်မြေထဲ ပြန်လည်ဝင်ရောက်စဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ထိုစစ်ကြောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ အရေးကိစ္စကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် Sister to sister အဖွဲ့မှ မထိပ်ထားက “တရားရုံးကို မနေ့က သူတို့ဆွဲတင်လိုက်ပြီးလို့ သိရတယ်။ လူသတ်မှုနဲ့ပဲ။ အနှစ် (၂၀) လောက်တော့ ခန့်မှန်းခြေသွားမယ်လို့ သိရပါတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သေဆုံးသူမှာ မထက်ထက်ဇော်ဆိုသူဖြစ်ပြီး ကိုဝဠာ၏ ဇနီးဖြစ်ကာ ပြီးခဲ့သည့် ဧပြီလတွင် စင်္ကာပူနိုင်ငံမှ တစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ခင်ပွန်းဖြစ်သူအား လာရောက်တွေ့ဆုံချိန်တွင် ခင်ပွန်းဖြစ်သူမှ လက်သီးဖြင့် အကြိမ်ပေါင်းများစွာ ထိုးကြိတ်မှုကြောင့် ပြင်းထန်ဒဏ်ရာဖြင့် ဧပြီလ ၂ ရက်တွင် မဲဆောက်မြို့၊ မယ်တော် ဆေးခန်းမှတဆင့် တာ့ခ်မြို့ဆေးရုံ၊ မဲဆောက်ဆေးရုံတို့တွင် ဆေးကုသမှုခံယူခဲ့ရကြောင်း မထိပ်ထားက ပြောသည်။

Photo -Htake Htar

ထိုသို့ လက်သီးဖြင့် အချက်ပေါင်းများစွာထိုးနှက်ခံခဲ့ထားရသည့်ဒဏ်ရာကြောင့် မထက်ထက်ဇော်သည် ဧပြီလ ၆ ရက်နေ့တွင် ဦးနှောက်သွေးယိုစီးမှုဖြင့် မဲဆောက်ဆေးရုံ၌ ပိုင်ရှင်မဲ့အလောင်းဖြင့် သေဆုံးခဲ့ရသည်။

လက်ရှိတွင်လည်း မဲဆောက်ဆေးရုံကြီးမှလည်း ဘန်ကောက်မြို့ မြန်မာသံရုံး၏ ခွင့်ပြုချက်မရှိပါက အလောင်းကို ထုတ်မပေးနိုင်သောကြောင့် ရုပ်အလောင်းသင်္ဂြိုဟ်နိုင်ရေးအတွက် အခက်အခဲများရှိနေကြောင်းလည်း ပါဝင်ကူညီပေးနေသူများက ဆိုသည်။

“လောလောဆယ်က သင်္ဂြိုဟ်ဖို့အတွက်ကို တရားရုံးရဲ့ အမိန့်ကို စောင့်ရမယ်။ တရားရုံးအမိန့်က သက် သေအနေနဲ့ ဒီ (death body) ကိုသုံးဖို့မလိုတော့ဘူးဆိုရင် စပြီးသင်္ဂြိုဟ်ဖို့ လုပ်ရမယ်။”ဟု Sister to sister အဖွဲ့မှ မထိပ်ထားက ဆက်ပြောသည်။

ထို့အပြင် သေဆုံးသူ မထက်ထက်ဇော်၏ မိသားစုဝင်များအနေဖြင့်လည်း မြန်မာနိုင်ငံတဆင့် မဲဆောက်သို့လာရောက်ရန် လမ်းခရီးသွားလာရေး အခက်အခဲများ ရှိနေသောကြောင့် အလောင်းထုတ်ယူခြင်းနှင့် နာရေးကိစ္စများကို Sisters 2 Sisters အဖွဲ့မှ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။