Home တွေ့ဆုံမေးမြန်းခန်း ဘိတ်-ထားဝယ်ခရိုင်တွင် KNLAနှင့်KTLA တို့ ပစ်ခတ်မှုထပ်ဖြစ်သည့်အပေါ် နှစ်ဖက်တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းချက်

ဘိတ်-ထားဝယ်ခရိုင်တွင် KNLAနှင့်KTLA တို့ ပစ်ခတ်မှုထပ်ဖြစ်သည့်အပေါ် နှစ်ဖက်တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းချက်

351

ဇူလိုင် ၁၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ-၄ နယ်မြေ၊ မေတ္တာ-ထီးခီးလမ်း၌ ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်ဖွဲ့ဝင်များလိုက် ပါလာသည့် ယာဉ်တန်းကို ကော်သူးလေအာမီ-KTLA တပ်ဖွဲ့ဝင်တို့က ပစ်ခတ်တိုက်ခိုက်သည့် အတွက် KNLA ဘက်မှ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင်စီက နှစ်ဖက်တာဝန်ရှိသူများထံ ကနဦးဆက်သွယ် မေးမြန်းထားသည် များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဥက္ကဌ ပဒိုစောဖလိုစိုးဝင်း

“ ပြန်လာမှာကို သိသိရင်းနဲ့ သူတို့ကစောင့်ပြီးတော့ပစ်တာဖြစ်တယ်။ နောက်ပြီး လမ်းအောက်ဘက် ခြမ်းမှာ လည်းသူတို့က မိုင်းနဲ့လည်းဆွဲထားတာဖြစ်မယ်။ အဲဒါကြောင့် ကျနော်တို့ရဲဘော်တွေက မိုင်းထိသွားတာလည်း ပါတယ်လို့ အဲလိုသိရတယ်။ ကားနဲ့ဘဲပြန်ဆင်းသွားတယ်။ အရှေ့က ကား ၂စီးကို အရင်ပစ်တော့ အဲမှာကားက ရပ်ထား လိုက်ရတာ။”

KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ

“အကြောင်းရင်းက ဒီလိုရှိတယ် ဒီလမ်းကို မလာဖို့သူတို့ကိုပြောခဲ့တယ်။ လာချင်ရင် မဲသနယ်ခီးလမ်းဘက်သွား ဘယ်သူမှဘာမှမလုပ်ဘူး အေးဆေးဘဲ။ KTLA ဘက်နေရာက အဲဒီတစ်နေရာဘဲကျန်တော့တယ်။ ဒါပေမယ့်သူတို့ က နားမထောင်ဘူး အရင်တစ်ရက်နှစ်ရက် လာပတ်ခဲ့တာရှိတယ်။ အဲဒါကြောင့် သူတို့ကို တောင်ခြေမှာ သွားစောင့်တာ။ သူတို့တက်လာတာ မြန်မာစစ်တပ်နဲ့ရောနှောပြီး ပါလာတယ်။ မပစ်လို့လဲမရဘူး။ အဲဒါကြောင့် သူတို့ကို ပစ်တာဖြစ်တယ်။”