ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအနေဖြင့် လတ်တလောတွင် စားနပ် ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များအား အနီးကပ်ကူညီနေသူများက ပြောသည်။
ဖရူဆိုမြို့အနောက်ဘက်ခြမ်းရှိ ဒေသခံများသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းအများစုကို အသက် မွေးဝမ်းကျောင်းအနေဖြင့် လုပ်ကိုင်စားသောက်လျက်ရှိပြီး စစ်ဘေးရှောင်နေသူ ဒေသခံများအတွက် စိုက်ပျိုးရန် မြေနေရာနည်းပါးလာသောကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်အနီးကပ်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။
“ဒေသခံတွေက ရွှေ့ပြောင်းတောင်ယာအလုပ်ကို အများဆုံးလုပ်ကြတော့ စစ်ဘေးရှောင်တွေက ဒီလုပ် ငန်းကို လုပ်ဖို့အခက်အခဲရှိတယ်။ ပြီးတော့ နေရာငှားရမ်းခတွေကလည်း ဈေးကြီးတော့ တွက်ခြေ မကိုက်တဲ့ သဘောပေါ့။ အဲ့ဒီအတွက် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်ချက်တွေရှိလာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါ ဖရူဆိုမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် စစ်ဘေးရှောင် စခန်းများသို့ အလှူရှင် လာရောက်ကူညီလှူဒါန်းမှု မရှိသလောက် နည်းပါးလာနေကြောင်းလည်း ၎င်းကူညီပေးနေသူက ဆက်ပြောသည်။
“အခုဆိုရင် (၁၀၂၇) စစ်ဆင်ရေးက ပြန်လည်စတင်နေပြီးဆိုတော့ ဒီဘက်တွေမှာလည်း သတိနဲ့နေရ တာတွေရှိတယ်။ ခက်တာက ကုန်ပစ္စည်းတွေလည်း နှစ်ဆကျော်ဈေးတက်လာတယ်။ အလှူရှင် အရောက်အပေါက်ကလည်း နည်းတယ်။ တော်တော်ကြပ်တည်းတဲ့ ပုံစံမျိုးဖြစ်လာတယ်။” ဟု ဖြည့်စွက် ပြောသည်။
ထို့အပြင် စစ်တပ်မှ အာဏာသိမ်းပြီး(၃)နှစ်ကျော်ကာလအတွင်း ဒေသခံပြည်သူများ အနေဖြင့် စစ်ဘေး တိမ်းရှောင်နေကြရသောကြောင့် လုပ်ကိုင်စားသောက်ခွင့်မရရှိကြဘဲ အလှူရှင်များ၏ ကူညီထောက်ပံ့ မှုများအပေါ် အဓိကအားထားနေရကာ ဆက်လက်ရှင်သန်နေကြရခြင်းဖြစ်သည်။
ဖရူဆိုမြို့နယ်ရှိ ဒေသခံစစ်ဘေးရှောင်ပြည်သူများသည် ၎င်းတို့ ဒေသအတွင်း နှစ်ဖက်တိုက်ပွဲများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသောကြောင့် နေရပ်မပြန်ရဲကြသေးသလို နေရပ်ပြန်သူအချို့မှာလည်း မြေမြှုပ်မိုင်း များထိခိုက်သူများရှိသောကြောင့် နေရပ်ပြန်ရန် အခက်အခဲရှိနေ၍ ဆက်လက် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသတွင် လက်နက်ကိုင်တော်လှန်မှုများ ကရင်နီဒေသ အနှံ့အပြား တိုက်ပွဲ ဖြစ်ပွား၍ ဒေသခံများ စစ်ဘေးရှောင်ခဲ့ကြရပြီး ဖရူဆိုမြို့နယ်တွင်လည်း နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်နိုင်သေးသည့်အပြင် စစ်ရှောင်ဦးရေ တိုးလာမှုများလည်းရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
လက်ရှိ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ (၁၄,၀၀၀) ကျော်အထိရှိနေပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)မှ ပေးသည့် စားနပ်ရိက္ခာဖြစ်သည့် ဆန်များကိုလည်း တစ်ဦးလျှင်(၂) ပြည်နှုန်းဖြင့်သာ ရိက္ခာအဖြစ် နောက်ဆုံး ရရှိခဲ့ကြောင်း ဒေသတွင်းသတင်း မီဒီယာများ နှင့် ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) ၏ ကောက်နုတ်ဖော်ပြထားချက်များအရ သိရသည်။