Home သတင်း ပြည်နယ်အတွင်း Kpay၊ Wave Money ကိုယ်စားလှယ်များထံတွင် ကျပ်ငွေ လိုသလောက်ထုတ်မရ ဖြစ်နေ

ပြည်နယ်အတွင်း Kpay၊ Wave Money ကိုယ်စားလှယ်များထံတွင် ကျပ်ငွေ လိုသလောက်ထုတ်မရ ဖြစ်နေ

619

ဇူလိုင် ၁၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ မြဝတီ၊ ကော့ကရိတ် စသည့် မြို့နယ်တို့တွင် Kpay၊ Wave Money ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်ပြုလုပ်သည့် ကိုယ်စားလှယ်များထံ ကျပ်ငွေလိုသလောက် ထုတ်မရဘဲ ငွေသားရှိသလောက်သာ ထုတ်ယူ၍ ရသည့် အခြေအနေမျိုးဖြစ်နေသည်ဟု အဆိုပါလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

လက်ရှိမြဝတီမြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများ လုပ်ဆောင်၍ ရသေးသလို Kpay အကောင့်ဖြင့် ငွေလွှဲငွေထုတ်၍ ရသေးကြောင်း၊ ကျေးရွာများတွင်သာ ငွေသားရှိသလောက် ထုတ်ပေးသည့် အခြေ အနေရှိသည်ဟု မြဝတီမြို့ပေါ်တွင် ငွေသွင်း၊ ငွေလွှဲ လုပ်ကိုင်နေသူ တဦးက ယခုလိုပြောသည်။

“ ပြည်တွင်း မြို့ရွာဘက် တွေမှာငွေထုတ်ရင် ကျပ်ငွေသား ဆိုင်မှာ မလုံလောက်ဘူး၊ သူဆိုင်မှာ ကျပ်ငွေသား ရှိသလောက်ဘဲ လွှဲလို့၊ ထုတ်လို့ ရတယ်။ တစ်သိန်း၊နှစ်သိန်း ပေါ့၊ သိန်းဆယ်ချီ၊ ရာချီဆိုရင် ထုတ်ပေးဖို့ ငွေသား မရှိဘူး။ ဘဏ်မှာထုတ်ဖို့လည်း မလွယ်ဘူး။ အဲ့တော့ ငွေလွှဲ ရောက်တယ်။ ငွေဝင်တယ်၊ ငွေထုတ် ပေးဖို့ ငွေသား မရှိဘူး ပေါ့ ဗျာ” ဟု ၎င်းက ပြောသည်။

ယခုလို မြို့ပြနှင့် ဝေးလံသည့် ကျေးနယ်များတွင် ထိုသို့ ငွေလွှဲများထုတ်ယူရာ၌ ငွေသားပြတ်လက်မှုများ ကြုံတွေ့ နေရသလို ထုတ်ယူရာတွင်လည်း ဝန်ဆောင်ခအနေဖြင့် ငွေတစ်သိန်းလျှင် ယခင်က ကျပ်တစ်ထောင်ခန့်သာ ရှိရာမှ ယခုဝန်ဆောင်ခ ကျပ်ငါးထောင်ထိ ပေးချေမှသာ ငွေထုတ်ယူနိုင်သည့် အခြေအနေရှိသည်ဟု ဒေသခံ များက ပြောသည်။

ထို့အပြင် ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မိမိနေရပ်သို့ ငွေလွှဲပို့ရာတွင်လည်း မြန်မာကျပ်ငွေ တစ်သိန်းလျင် ထိုင်းဘတ်ငွေ ၇၄၅ ဘတ်နှုန်းသာရှိသည့်အတွက် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် ကြုံရသလို ငွေလွှဲထုတ်ခ မြင့်တက်ခြင်းနှင့်လည်း ရင်ဆိုင်နေရသည်ဟု မဲဆောက်ရှိမြန်မာ လုပ်သားတဦးက ပြောသည်။

“ အခု မြန်မာပြည်ဘက်မှာ Kpay တို့ wave money တို့နဲ့ ငွေလွှဲ ဖို့က ခက်နေပြီး။ ငွေလွှဲထုတ်ပေးဖို့ ဒိုင်က မြို့တက်ပြီး ဘဏ်က ထုတ်ရမှ ပြန်ထုတ်ပေးတာ၊ ထုတ်ပေးတဲ့အခါမှာ မျှပြီး ခွဲပေးတာမျိုးလည်းရှိတယ်။ ရွာက မိသားစုက စောင့်ပြီး ငွေထုတ်နေရတယ်” ဟု အဆိုပါ မြန်မာ အလုပ်သမားက ပြောသည်။

ယခု ဇူလှိုင်လ အတွင်း စစ်ကောင်စီက ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်း များ ထွက်ပေါ်လာပြီးနောက်ပိုင်း ပြင်ပပုဂ္ဂလိက ငွေလွှဲ ကိုယ်စားလှယ် လုပ်ကိုင်နေသူများ အချို့ လုပ်ငန်းကို ဟန်ပြ လုပ်ဆောင်နေမှုများလည်း ရှိသည်ဟု ဖားအံမြို့ပေါ်ရှိ ငွေလွှဲလုပ်ဆောင်နေသူများထံမှ သိရသည်။