ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် စစ်ရှောင် ပြည်သူများ ဝမ်းပျက်ဝမ်းလျှောနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုများရှိနေသဖြင့် ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်းကျန်းမာရေးတာဝန်ခံထံမှ သိရသည်။
“ကျနော်တို့ဆီမှာ IDP စစ်ဘေးရှောင်တွေဖြစ်တဲ့အတွက် volunteer donor (တစ်နိုင်တစ်ပိုင်လှူဒါန်းသူ) တွေပဲလာတယ်။ ကိုယ့်ဆီမှာ ဆေးတွေ မရှိမှ သူတို့ကို တင်ပြလိုက်မှ သူတို့က ကျနော်တို့ကို ရှာပေးပြီး လာပို့ပေးတာပဲ ရှိတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ဆီမှာ ဆေးဝါး မလုံလောက်တာ။ အဓိကတော့ main donor (ပင်မအလှူရှင်) မရှိလို့” ဟု ကျန်းမာရေးတာဝန်ခံ ဆရာလဝါးက ပြောသည်။
လက်ရှိ စစ်ရှောင်စခန်းတွင် တုပ်ကွေးအတွက် ကုသဆေးအပြင် သွေးတိုးဆေး၊ ဆီးချိုဆေးနှင့် ရောဂါစစ်သည့် စက်များလည်း ဟောင်းနွမ်းနေပြီဖြစ်၍ လိုအပ်ချက် ရှိနေသည်ဟု သိရသည်။ ယခုမိုးဦးကာလတွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျား အဖြစ်များပြီး ဇွန်လအတွင်း ငှက်ဖျားပိုးတွေ့ရှိသူ ၁၀၀ ကျော်၊ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅ ဦးနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်သူ ၂၅ ဦး ရှိသည်ဟု တာဝန်ခံက ဆိုသည်။
ယခုနှစ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး စခန်းအတွင်း မြစ်ရေကိုသာ အဓိက အားကိုးနေရသည့် စစ်ရှောင်များအတွက် မြစ်ရေညစ်ညမ်းလာမှုက ရောဂါ ဖြစ်စေသည့် အဓိက အကြောင်းအရင်းဖြစ်သည်ဟုလည်း သိရသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ “ရွာမှာ ဒုက္ခသည်ဆေးပေးခန်းနှင့် ကျေးရွာဆေးပေးခန်း နှစ်ခု ရှိတယ်။ ဆေးသိပ်မတိုးလို့ တော်တော်များများက ဆုံဆည်းမြိုင်က ဆေးခန်းကိုပဲ သွားနေကြတယ်။ တစ်ခါ တစ်ခါသွားရင် တော်တော် ကုန်တယ်” ဟု ပြောသည်။
အဆိုပါ စစ်ရှောင်စခန်း၌ ဆေးဝါးအပြင် လက်ရှိတွင် စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေပြီး ဆန်မလုံလောက်မှုကိုပါ စတင်ကြုံတွေ့နေရသည်မှာ မေလကတည်းကဖြစ်ကြောင်း ကျေးရွာတာဝန်ခံထံမှ သိရသည်။
လာရောက်လှူဒါန်းမှုများ ရှိသော်လည်း အများစုက အဝတ်အထည်၊ ခြင်ထောင်၊ မိုးကာ၊ မုန့် စသည် တို့ကိုသာ လှူကြပြီး အဓိက လိုအပ်ချက်ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတို့ကို လှူမည့် သူများ နည်းပါးလာနေသည်။ ထို့ကြောင့် စစ်ရှောင်ပြည်သူများအနေဖြင့် ဆန်ကို ဝယ်စားနိုင်ရန် နေ့စားအလုပ်များ လုပ်ရင်း တောင့်ခံနေကြရသည်ဟု စစ်ဘေးရှောင်အချို့က ပြောသည်။
စစ်ရှောင်အမျိုးသားတစ်ဦးက “ဆန်ဈေးက တက်နေတယ်လေ။ လှေဂိတ်နားက ဆိုင်တွေမှာ ဆန်မရှိရင် တို့တွေမှာ ဒုက္ခရောက်တယ်လေ။ ချွေတာစားနေရတာပေါ့။ ရွှေလက်ဝါး တစ်အိတ်ကိုဆို ၁၃၅၀ ဘတ် ပေးရတယ်။ အပျော့နဲ့ အမာ ရောထားတာကျတော့ ၉၅၀ ဘတ် ပေးရတယ်” ဟု ပြောသည်။
သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် အိမ်ခြေ စုစုပေါင်း ၇၃ အိမ်ရှိပြီး လူဦးရေ ၃၀၀ နီးပါး ရှိနေသည်။ ထိုထဲတွင် မဲကနယ်၊ ရသေ့ဂူ၊ ထီးမူးထရွာများမှ စစ်ရှောင်လာသူ အများဆုံးဖြစ်ကြပြီး အခြားဒေသများမှ လာရောက်နေထိုင်သူများလည်း အနည်းငယ်ရှိနေသည်။


















