ဇူလိုင်လ ၁၂ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်ဒေသတွင် ယခုလအတွင်း မြန်မာကျငွေတန်ဖိုးကျဆင်းပြီး ဘတ်ငွေတန်ဖိုး ဆက်လက်မြင့်တက်လျက်ရှိကြောင်း ငွေလဲလှယ်လုပ်ကိုင်နေသူများက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် လများတွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၈၇၅) ဘတ်အထိရှိရာမှ ဇူလိုင်လ ၁၂ ရက်၊ ယနေ့တွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၇၁၅)ဘတ်အထိ ကျပ်ငွေဈေးနှုန်း ကျဆင်းနေသည့်အတွက် ငွေလဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်နေသူများ အနေဖြင့် အခက်တွေ့ နေရကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “အခုလက်ရှိမှာတော့ ငွေလဲတဲ့သူတွေမရှိဘူး။ ဒီနေ့အထိကို (၇၁၅) ဘတ်ပဲရတယ် တစ်သိန်းကို။ တစ်ရက်ထက် တစ်ရက်ကျလာတဲ့သဘောမှာရှိတယ်။ နောက်ပြီးတော့ ငွေဈေးတက်တဲ့သတင်းတွေ ထွက်လာပြီးဆို ငွေလဲပေးတဲ့သူတွေက လက်ရှိဈေးထက် တစ်ရာနှစ်ရာပိုယူပြီးလဲကြတော့ မြန်မာငွေက ကျတာထက်ပို ကျလာတာပေါ့။ အဲ့လိုဆိုတော့ ငွေတွေကို ဆက်တိုက်လဲလာကြတော့ တကယ်လိုအပ်တဲ့သူတွေအတွက်ဆိုရင်တော့ အရှုံးပေါ် တာပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံပြည်တွင်းဘဏ်များတွင်လည်း လတ်တလောတွင် ဘဏ်မှငွေထုတ်ယူမှု စနစ်ကို အကန့်အသတ်ဖြင့် လုပ်ဆောင်လိုက်သောကြောင့် ငွေစုဆောင်းသူ ပြည်သူများအနေဖြင့် ဘဏ်များ အပေါ် ယုံကြည်မှု နည်းပါးလာပြီး ဘဏ်ထဲရှိငွေများကို ဒစ်ဂျစ်တယ်ငွေပေးချေသည့်စနစ်ဖြင့် ကျပ်ပေး ဘတ်ယူသူများလာကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင် နေသူများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ဘက်ခြမ်းနေ မြန်မာနိုင်ငံသားတစ်ဦးက “မြန်မာပြည်ထဲမှာက အခုဆိုရင် ဘဏ်ကငွေထုတ်ချင်ရင် တစ်ခါထုတ်ရင်ဘယ်လောက်ဆိုပြီး ကန့်သတ်လိုက်တယ်။ ကိုယ်ကြိုက်သလောက် ထုတ်လို့မရဘူး။ တချို့ဘဏ်တွေဆိုရင် ကိုယ့်ငွေတောင် ကိုယ်ထုတ်လို့မရဘူး။ အဲ့တော့ K pay ဒါမှမဟုတ် Wave pay အဲ့လိုကနေပြီးတော့ ဘတ်ဈေးကျတဲ့ သတင်းနည်း နည်းထွက်တာနဲ့ လူတွေက စိုးရိမ်ပြီး ဘတ်ငွေလဲလာကြတယ်။”ဟု ပြောသည်။
ဘတ်ငွေတန်ဖိုး ဆက်တိုက်မြင့်တက်မှုများသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြဝတီမြို့ တွင် သာမက နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သော ကော့သောင်း၊ ရသောင်း၊ ဘုရားသုံးဆူ ဘက်တွင်လည်း အလားတူ ကြုံတွေ့နေရပြီး ဘတ်ငွေစျေးနှုန်းမှာ ပုံမှန်မရှိဘဲ ရက်အလိုက် အပြောင်းအလဲရှိနေကြောင်း နယ်စပ်ဒေသခံများထံမှ သိရသည်။
လက်ရှိ ပြည်တွင်း အမေရိကန်ဒေါ်လာ စျေးနှုန်းမှာလည်း တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၀၀၀ ဝန်းကျင် စျေးပေါက်နေပြီး ယခုလို ကျပ်ငွေစျေးနှုန်း အဆမတန် စျေးနှုန်းကျဆင်းလာမှုများကြောင့် ကုန်စျေးနှုန်းများလည်း ဆက်လက်မြင့်တက်နေပြီး အခြေခံလူတန်းစားများအတွက် ပိုမို ခက်ခဲလာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအတွင်း နှစ်သောင်းကျပ်တန် ငွေစက္ကူ အသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး ထိုးကျခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့သည်။