Home သတင်း ကော်သူးလေ သစ်ပင်စိုက်ပျိုးလ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သစ်ပင်(၂၀၀) ခန့် စိုက်ပျိုး

ကော်သူးလေ သစ်ပင်စိုက်ပျိုးလ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သစ်ပင်(၂၀၀) ခန့် စိုက်ပျိုး

798

ဇူလိုင်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တနေရာတွင် KNU ဗဟို ကော်သူးလေသစ်တောဌာန-KFD၊ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်-KRW မှ တာဝန်ရှိသူများ ဦးဆောင်ပြီး ကော်သူးလေသစ်ပင်စိုက်လ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သစ်ပင်ပေါင်း (၂၀၀)ခန့် စိုက်ပျိုးခဲ့ကြသည်။

ကော်သူးလေပြည်နယ်လုံးဆိုင်ရာ သစ်ပင်စိုက်လ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်အတွင်း သစ်ပင်အရေအတွက် ပိုမိုများပြားလာစေရန်၊ မျိုးဆက်သစ်ကရင်လူငယ်များအကြား သစ်ပင်ချစ်စိတ်ပွားများလာစေရန်နှင့် သစ်တောဌာန၏ လှုပ်ရှားမှုများကို လူထုသိရှိပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျွန်းပင်၊ ကုက္ကိုလ်ပင် များပါဝင်သော သစ်ပင်အရေအတွက် (၂၀၀)ခန့်ကို စိုက်ပျိုးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

KNU ဗဟို၏သစ်တောဌာနမှူး ပဒိုမန်းဘထွန်းက “သစ်တောဟာဆိုရင် ကျနော်တို့ကရင်လူထုတွေအတွက် အရေး ကြီးဆုံးဖြစ်တယ်။ ကရင်လူမျိုးတွေက ဘိုးဘွားစဥ်ဆက် သစ်တောထဲမှာပဲ မှီခိုနေထိုင်ကြတာဖြစ်တယ် ။ ရိုးရာဓလေ့၊ ယဥ်ကျေးမှု၊ အသက်လုံခြုံမှုတွေက သစ်တောနဲ့ဆက်စပ်နေတယ်။ ဒါကြောင့် အခုချိန်ထိ ကျနော်တို့က သစ်တောနဲ့ကင်းကွာလို့မရပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်ကထက်စာလျှင် အခြေအနေအရပ်ရပ်ကြောင့် လက်ရှိ သစ်တောပြုန်းတီးမှုနှင့် သစ်တောအရည် အသွေးကျဆင်းမှုများတွေ့ကြုံလာရပြီး နှစ်စဥ်အပူချိန်မြင့်တက်မှု နောက်ဆက်တွဲ ရေရှားပါးမှု၊ မိုးတွင်း ကာလအတွင်း တောင်ပြို၊ မြေပြိုမှုများနှင့် မသန့်ရှင်းသောရေရရှိမှုက ပိုများလာသဖြင့် သစ်တောများ ကောင်းမွန် တိုးတက်ရေး လုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း ပဒိုမန်းဘထွန်းက ဖြည့်စွက်တိုက်တွန်းသည်။

“အရင်ကတော့ ကိုယ့်ကရင်တွေဟာ သစ်တောထဲမှာနေပြီး သစ်တောတွေမထိခိုက်အောင် စားသောက်နေ ထိုင်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ရဲ့သစ်တောတွေက ပြုန်းတီး လာတယ်။ မြေဆီလွှာနည်းလာတာ အသီးအနှံဖြစ်ထွန်းမှုနည်းလာတာ ပိုးကောင်တွေများလာတာတွေက သစ် တောပေါ်မှာ အများကြီးမူတည်နေတယ်။ ဒါကြောင့် ကျနော်တို့က သစ်တောတွေကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ပြုလုပ်သော ကော်သူးလေစုပေါင်းသစ်ပင်စိုက်ပျိုးလ ဖွင့်ပွဲနေ့ အခမ်းအနားသို့ ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုစောဆဲဂေ၊ သစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တာဝန်ရှိသူများအပြင် ကရင်လူငယ်အစည်းအရုံး-KYO ခရိုင် (၇)ခုမှ ခေါင်းဆောင်များအပါအဝင် စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားအတွင်း တာဝန်ရှိသူများမှ ကော်သူးလေ စုပေါင်းသစ်ပင်စိုက်ပျိုးလ ဖြစ်ပေါ်လာပုံ၊ တက်ရောက် လာသူများအား အမှာစကားနှင့်ကျေးဇူးတင်စကားပြောကြား၍ စုပေါင်းသစ်ပင်စိုက်ပျိုးကြပြီးနောက် အခမ်းအနားကိုရုပ္သိမ်းခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် KNU ကွန်ဂရက်တွင် KNU ဗဟို သစ်တောဌာနမှ ကော်သူးလေ စိုက်ပျိုးနေ့ သတ်မှတ်ရန် အဆိုပြုမှုအပေါ် ၂၀၁၇ ခုနှစ်တွင် အတည်ပြုချက် ရရှိပြီးနောက် ဇူလိုင်လ(၁)ရက်နေ့ကို ကော်သူး လေ သစ်ပင်စိုက်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ပြုလုပ်သည့် (၁၇)ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဇူလိုင်လတစ်လလုံးကို ကော်သူးလေ စုပေါင်းသစ်ပင်စိုက်လအဖြစ် ပြောင်းလဲအတည်ပြုခဲ့ခြင်းဖြစ်သည်။