Home သတင်း မြဝတီ-ကော့ကရိတ် လမ်းဟောင်းပေါ် ယာဥ်ကြောပိတ်ဆို့မှု နေ့စဥ် ဖြစ်ပွားပြီး အသက်အန္တရာယ်ကြားမှ သွားလာနေရ

မြဝတီ-ကော့ကရိတ် လမ်းဟောင်းပေါ် ယာဥ်ကြောပိတ်ဆို့မှု နေ့စဥ် ဖြစ်ပွားပြီး အသက်အန္တရာယ်ကြားမှ သွားလာနေရ

811
Photo: CJ

ဇွန်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ကူးသန်းသွားလာရန် လတ်တလောအသုံးပြုနေရသော မြဝတီ-ကော့ကရိတ်လမ်းဟောင်းပေါ် လမ်းပျက်စီးမှုနှင့်ကားအသွားအလာများမှုကြောင့် နေ့စဥ် ကား အစီး‌ရေ ရာနှင့်ချီယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားပြီး လက်နက်ကြီးသံကြောင့် အသက်အန္တရာယ်ကြားမှ အသွားအလာပြုလုပ်နေရကြောင်း မော်တော်ယာဥ်မောင်းနှင်သူများထံမှ သိရသည်။

အာရှလမ်းမကြီးပိတ်ထားသဖြင့် မြဝတီမြို့သို့သွားရန် ဒေါနတောင်ကျော် တောလမ်းများကိုသာ အသုံးပြုနေရသည့်အခြေအနေတွင် ရာသီဥတုဆိုးရွားမှုကြောင့် တောလမ်းများလည်းပျက်စီးကုန်သဖြင့် မော်တော်ယာဥ်များမှာ ပြီးခဲ့သည့်မေလပိုင်းမှစ၍ ယခင် ကော့ကရိတ်-မြဝတီ လမ်းဟောင်းကို ပြန်လည်အသုံးပြုလာရခြင်းဖြစ်သည်။

အဆိုပါလမ်းဟောင်းမှာလည်း လမ်းကျဥ်းသည့်အပြင် မိုးရေတင်ကျန်မှုကြောင့် လမ်းပျက်စီးခြင်း၊ ညအချိန်လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုအန္တရာယ်ရှိခြင်းတို့ကြောင့် နှစ်ညအိပ်၊ သုံးည အိပ်မှသည် အများဆုံး ရှစ်ညအိပ်အခြေအနေထိ ယာဥ်ကြောပိတ်ဆို့နေတတ်ပြီး သွားလာရခက်ခဲကြောင်း ထိုလမ်းကိုအသုံးပြုနေရသော မော်တော်ယာဥ်မောင်းနှင်သူတစ်ဦးက ပြောသည်။

၎င်းက “တောင်ပေါ်ကသွားရအဆင်ပြေသေး တောင်အောက်ရောက်ပြီဆို ကော့ကရိတ်မြို့ထဲဝင်မရဘူး ။ တောလမ်းကသွားရတယ်။ ဗွက်တွေချည်းပဲ ကားတွေကသွားမနိုင်တော့ ဆွဲရပြုရနဲ့ လမ်းမှာ အသွားအပြန် ၄ ညအိပ်ရတယ်။ တချို့ဆို အသွားအပြန် ၇ ည ၈ ညအိပ်ရတယ်။ တစ်ရက်တစ်ရက် လမ်းကျဥ်းတော့ ကားရာနဲ့ချီပိတ်မိနေတာ။ အဲဒီလမ်းကလေယာဥ်လည်းကြောက်ရတယ် ။ အလုံးကြီးသံလည်းကြားနေရတယ် ။ ညဘက်ဆိုစစ်တပ်ကပစ်ပြီ ညနေမှောင်တာနဲ့ PDF ကဖုန်းမီးတောင်ပေးမဖွင့်ဘူး။ မှောင်ထဲမှာပဲ အားလုံးငြိမ်နေရတယ်။ မီးဖွင့်တာနဲ့ပစ်ခံရမှာစိုးလို့” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် လမ်းဟောင်းအသုံးပြုသွားလာသူများအနေဖြင့် အစားအသောက်နှင့်ဆေးဝါးများ ကြိုတင်ပြင်ဆင်၍ အလုံအလောက်ယူဆောင်သွားရသလို ဂိတ်ကြေးဖွင့်ကောက်ခံနေသော လက်နက်ကိုင်ဂိတ်များတွင်လည်း ပုံမှန်လမ်းထက် နှစ်ဆ မှ သုံးဆ ငွေပေးဆောင်သွားလာရကြောင်း နယ်စပ်သို့ကုန်သွယ်ရေး၊ ခရီးသည်တင်ဆောင်ရေး လုပ်ကိုင်သူ မော်တော်ယာဥ်များထံမှ သိရသည်။

Photo: CJ

ကုန်စည်တင်ဆောင်ခများမှာလည်း ယခင်ထက် ပိုပေးနေရသည့်အပြင် ကုန်ပစ္စည်းပြတ်လပ်မှု၊ ၁၂ ဘီးတွဲကားကြီးများ အသွားအလာရပ်နားထားရမှု၊ မြန်မာငွေဈေးကျဆင်းမှုတို့ကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးပြီး ကရင်ပြည်နယ်အတွင်းသာမက မွန်ပြည်နယ်တွင်ပါ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုဖြစ်ပွားလျက်ရှိနေသည်။

“ကျမကတော့ စားကုန်ပဲတင်တယ်။ ဖားအံသူများပေးတဲ့ဈေးပဲယူတာပါ။ တစ်တန်ကိုအရင်က ၂ သိန်းခွဲ အခု လမ်းကြပ်တော့ ၃ သိန်းခွဲဖြစ်သွားတာ။ ပြည်တွင်းက ကုန်ပိုမှာလည်း ကားတွေကမတင်နိုင်ဘူး ။ အာရှလမ်းဖွင့်ရင် ၁၂ ဘီးတွဲကားတွေဆင်းတယ်မလား၊ အခုလိုဖြစ်တော့ ၁၂ ဘီးကားတွေမဆင်းနိုင်ဘူး ။ အများဆုံး ၆ ဘီး ၁၀ ဘီးပဲဆင်းရတော့ ကုန်စည်စီးဆင်းမှုမကောင်းဘူးလေ။ ကုန်တွေဈေးတက် ကားခတွေဈေးတက် အကုန်တက်တယ်၊ လူတွေလည်းအဆင်မပြေဘူး။” ဟု ဖားအံမြို့ခံ ကုန်တင်ယာဥ်လုပ်ငန်း လုပ်ကိုင်သူက ပြောသည်။

၎င်းအပြင် ဇွန်လ(၁)ရက်နေ့မှစ၍ မိုးရွာသွန်းမှုများပြားလာခြင်းကြောင့် သောင်ရင်း မြစ်နှင့်တောင်ကျချောင်းရေတိုးလာပြီး မြဝတီမြို့ပေါ်ရပ်ကွက်အထိ ရေကြီးရေလျှံကာ လူနေရပ်ကွက်နှင့် အိမ်ခြေရာချီ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထိုသို့ အမျိုးမျိုးသော အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုနှင့်ခရီးသွားလာမှု အဆင်ပြေစေရန် ပြီးခဲ့ သည့်နှစ်ကုန်ပိုင်းမှစ၍ ပိတ်ထားရသော ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ဖွင့် လှစ်နိုင်ရေး အများပြည်သူအနေဖြင့် လိုလားနေသော်လည်း ၎င်းဒေသတစ်ဝိုက်တွင်မူ စစ်ကောင်စီ၏ ဒေါနတောင်ကျော်ရန် ထိုးစစ်ဆင်မှုများနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။