Home သတင်း မုပလ္လင်ရွာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး နှင့် အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရ

မုပလ္လင်ရွာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး နှင့် အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရ

822
Photo: Social Media

ဇွန်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပလ္လင်ကျေးရွာသို့ မေလ (၈)ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး နှင့် အရပ်သား ပြည်သူ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည် ဟု တော်လှန်ရေးအင်အားစုနှင့်ဒေသခံထံမှ သိရသည်။

စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၂၆) ဦးပါဝင်သော အဖွဲ့ကို မုပလ္လင်ကျေးရွာ ဘုန်းကြီး ကျောင်းအနီးတွင် တော်လှန်ရေး ပူးပေါင်းအင်အားစုများက (၄၀ မမ) ဖြင့် သွားရောက်ပစ်ခတ်ရာတွင် စစ်ကောင်စီဘက် မှ (၄)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ၎င်းပတ်ဝန်းကျင်ရှိ အရပ်သားအမျိုးသမီး (၁) ဦး ကျည်စထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သော ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ကလည်း ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

“အမျိုးသမီး ထိခိုက်သွားတာ ဘယ်သူဘယ်ဝါလည်းတော့ အတိကျမသိပေမယ့် အခြေအနေက မစိုးရိမ်ရ ဘူးလို့တော့ ကြားတယ်။ အဲ့ဘက် အသံကြားလိုက်တော့ ဆက်မသွားဘဲ ပြန်လှည့်လာတာ။ တိုက်ပွဲ ဖြစ်ပြီးရင် စစ်ကောင်စီဘက်က ဖြတ်သွားဖြတ်လာ ပြည်သူတွေကို စစ်လေ့ရှိတယ်လေ” ဟု ‌‌‌‌‌ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် KRF အပါအဝင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း KRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး နှင့် ပြင်းထန်ဒဏ်ရာရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး၏ နောက် ဆက်တွဲ အခြေအနေကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ကျိုက်ထိုမြို့နယ်အတွင်း ၎င်းတို့မော်တော်ယာဥ်များ ဖြတ်သန်းမောင်းနှင်မည်ဆိုပါက ကင်းစောင့်လှည့်လည်ရန် တပ်ဖွဲ့ဝင် အများအပြား အသုံးပြုလေ့ရှိသလို လမ်းသွားလမ်းလာများအား စစ်ဆေး ခြင်း ၊ မသင်္ကာဖွယ်ရာတွေ့ရှိပါက ထိန်းသိမ်းထားခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများလည်း ပြုလုပ်လေ့ရှိကြောင်း မြို့ခံများကပြောသည်။

ယခုလို စစ်ကောင်စီယာဥ်တန်း နှင့် ကင်းလှည့်လည်သွားလာသည့် တပ်ဖွဲ့ဝင်များကို တော်လှန်ရေး အင်အား စုများဘက်ကလည်း မကြာခဏ မိုင်းဆွဲခြင်း၊ ဒရုန်းနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လေ့ရှိ သောကြောင့် ထိခိုက်သေဆုံးမှု ဖြစ်ပွားလေ့ရှိကြောင်းလည်း ကျိုက်ထိုမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။