Home သတင်း ဖားအံမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လာဘ်ထိုးငွေများဖြင့် ဝင်ငွေကောင်းနေ

ဖားအံမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လာဘ်ထိုးငွေများဖြင့် ဝင်ငွေကောင်းနေ

1035
Photo: KIC (ပုံဟောင်း)

ဇွန်လ ၂၁ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသအတွင်း တရား မဝင်လုပ်ငန်းလုပ်ကိုင်သူများ၊ လုပ်ငန်းရှင်များ နှင့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲချင်ကြသူများထံမှ လာဘ်ထိုး ငွေများ ရယူကာ ဝင်ငွေကောင်းနေကြကြောင်း အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သည့် ဖားအံမြို့ခံများက ပြောသည်။

အမှတ်(၉)ရပ်ကွက်နေ ပြည်သူတစ်ဦးက “အမှတ် (၉)တို့ အမှတ် (၁)တို့ ဆို ငွေအရဆုံးပေါ့။ ပြောရရင် ဖားအံ တစ်မြို့လုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အကုန်ပါဘဲ။ အုပ်ကြီးတွေက ရပ်ကွက်ထဲက တရားမဝင်လုပ်ငန်း မှန်သမျှကနေ ပိုက်ဆံလိုင်းကြေးရနေကြတယ်။

စစ်မှုထမ်းမလိုက်ချင်သူတွေ၊ စစ်မှုထမ်းအရွယ်တွေရှိနေတဲ့ အလုပ်ရုံတွေ ဧည့်စာရင်းကိစ္စ၊ ထောက်ခံချက်ကိစ္စ၊ ဘောလုံးဒိုင်၊ ချဲဒိုင်၊ KTV၊ အရက်ဘား၊ နိုက်ကလပ်တွေက နေလိုင်းကြေးငွေတွေရနေကြတယ်။ စစ်တပ်နဲ့ရဲက သူတို့နဲ့တွဲပြီး လုံခြုံရေးယူပေးနေတော့ ပိုပြီး အာဏာပြနေ ကြတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖားအံမြို့ပေါ် ရပ်ကွက်များတွင် တရားမဝင် လောင်းကစားလုပ်ငန်းများ နှင့် အခြားသော တရားမဝင် စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာသလို စစ်မှုထမ်းဥပဒေအပေါ် အကြောင်း ပြ၍လည်း လူစာရင်း လိုက်လံကောက်ယူပေးနေရသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအတွက် လာဘ်ငွေ ရယူ ရန် အခွင့်အခါကောင်းလည်းဖြစ်လာခဲ့သည်။

လက်ရှိ ဖားအံမြို့တွင် စစ်မှုထမ်းဥပဒေတွင်ပါဝင်သည့် လူငယ်၊လူလတ်ပိုင်းများအနေဖြင့် စစ်မှုထမ်းစာရင်းတွင် မပါဝင်ရေးအတွက် လာဘ်ငွေပေးကြသူများရှိသလို အဓမ္မဝင်ရောက် ဖမ်းဆီးခြင်းမခံရအောင်လည်း အခြား သော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ ဝင်များထံ တပ်ဖွဲ့ဝင်များ အဖြစ် ဝင်ရောက်ကြပြီး ရှောင်လွဲနေထိုင်ကြသူများ ပိုများလာကြောင်း မြို့ခံများကဆိုသည်။

“ရပ်ကွက်ထဲလူငယ်တွေ တောင်ပေါ် (ထိုင်း) တက်ကုန်ပြီး။ ကျန်တဲ့သူတွေကတော့ DKBA တို့၊PC တို့ BGF တို့မှာ အဖွဲ့အစည်းသွားဝင်ထားကြတယ်။ ရဲဘော်ကဒ်ထုတ်ထားကြတယ်။ ယူနီဖောင်းဝတ်ပြီး၊ ကားနဲ့ လှည့်တာ ကင်း ပတ်တာမှာ လူမြင်အောင် နဲနဲပြထားတယ်။ အဲ့လို အဖွဲ့ အစည်းဝင်ပြပြီး နေနေကြရတယ်။ ရပ်ကွက်အုပ်ကြီး တွေ ရဲနယ်ထိန်းတွေကိုလည်း ငွေပေးထားရတယ်။ စစ်မှုထမ်းစာရင်းမခေါ် နိုင်အောင်ပါ့။ အဲ့လိုဝင်ငွေရနေတော့ ရပ်ကွက်အုပ်ကြီးတွေ ကားဝယ်စီးတာ၊ အိမ်ပြန်ပြင်ဆောက်တာတွေအထိလုပ်နိုင်နေကြတယ်” ဟု ဖားအံ အမှတ် (၄)ရပ်ကွက်နေ့ လူငယ်တစ်ဦး က ပြောသည်။

လတ်တလောတွင် ဖားအံ-ရန်ကုန် ကားလမ်းပိုင်းနေရာများရှိ တံတားများ နှင့် ဖားအံ မြို့ အဝင် သံလွင်တံတားရှိ စစ်ကောင်စီ ဂိတ်ကင်းစခန်းများတွင် လူငယ်လူရွယ်များအား စစ်ဆေးမှုတင်းကြပ်နေပြီး ယခင်ဖားအံမြို့ဘက် အခြမ်းတွင်ရှိသည့် စစ်ဆေးရေးဂိတ်အား ဖားကပ်ရွာထိပ် မြို့ဝင်ကြေးအကောက်ဂိတ်နေရာသို့ ပြောင်းရွှေ့ကာ သံလွင်တံတားမဖြတ်သန်းခင် စစ်ဆေးငွေညှစ်မှုများ ပြုလုပ်ပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း ဒေသခံ များကပြောသည်။