ဇွန်လ (၁၉) ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်း၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတွင် စစ်ရေးပြင်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်-MSRF မှပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကပြောသည်။
အဆိုပါလမ်းပိုင်းကို ပြန်လည် စိုးမိုးနိုင်ရေးအတွက် ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့မှ စတင်ပြီး ကလိန်အောင် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၀၈)၊(ခမရ-၄၀၉) နှင့် (ခမရ-၄၁၀)တပ်ဖွဲ့ဝင်များမှ ဆက်တိုက် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှာလာသောကြောင့် လမ်းပိုင်းလုံခြုံရေးရယူထားသည့် တော်လှန်ရေး မဟာမိတ်ပူး ပေါင်းတပ်များ နှင့် စစ်ရေးတင်းမာနေကြောင်း MSRF မှ နိုင်နဂါးက ပြောသည်။
“ ဒီလမ်းပိုင်းကို ကျနော်တို့တော်လှန်ရေးပူးပေါင်းတပ်တွေက ကာလအတော်ကြာ ထိန်းချုပ်ထားပြီးမှ စစ်ကောင် စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်စပြီး ဆင်လာတယ်။ စစ်ကောင်စီက အင်အားတော်တော်များများနဲ့ စစ် ကြောင်းထိုးပြီးလာတယ်။ အခုချိန်မှာ စစ်တပ်က နယ်မြေရှင်းလင်းတဲ့ပုံစံတွေ လုပ်ဆောင်နေတာလည်း ရှိတယ်။ ကျနော်တို့ဘက်ကလည်း ဘယ်ပုံဘယ်နည်းတိုက်ထုတ်မလဲဆိုတဲ့ ပြင်ဆင်ထားတဲ့ နည်းလမ်းတွေလည်း ရှိပါ တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ဒေသတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ယခုလအတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားထာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိအချိန်တွင် ရေး-ထားဝယ် ကားလမ်း မကြီးပေါ်တွင် စခန်းချ တပ်စွဲထားကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားနိုင်သည့် နေရာအများစုကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်းလည်း နိုင်နဂါးက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲများအပြင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် လမ်းမကြီးအနီးရှိ ရာဖူးရွာသစ်၊ သာယာမွန်၊ မိုင်ခြောက်ဆယ် နှင့် မရမ်းချောင်း စသည့်ကျေးရွာများမှဒေသခံ ထောင်နှင့်ချီ၍ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ရေဖြူမြို့နယ်မှ စစ်ဘေးရှောင်ကူညီနေသူများ ကပြောသည်။
ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့က နှစ်ဖက်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦး နှင့် တပ်သား(၆) ဦး သေဆုံးခဲ့သည့်အပြင် (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မဟာမိတ်ပူးပေါင်းစစ် ကြောင်း၏ ထုတ်ပြန်ထားချက်များအရ သိရသည်။



















