Home သတင်း သထုံခရိုင်တွင်း အသက် (၈၀)အရွယ် သက်ကြီးရွယ်အိုလင်မယားနှစ်ဦး သတ်ဖြတ်ခံရမှုကိစ္စ အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်လိုလားနေ

သထုံခရိုင်တွင်း အသက် (၈၀)အရွယ် သက်ကြီးရွယ်အိုလင်မယားနှစ်ဦး သတ်ဖြတ်ခံရမှုကိစ္စ အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်လိုလားနေ

669
Photo: CJ

ဇွန်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု မဲ့လဲထ(မဲလယ်)ကျေးရွာတွင် အသက် ၈၀ ဝန်းကျင်အရွယ် သက်ကြီး ရွယ်အိုလင်မယားနှစ်ဦး အကြောင်းမဲ့ပစ်သတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်လာရေး လိုလားကြောင်း မိသားစုဝင်များက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် အမည်မသိ လက်နက်ကိုင်ဆောင်သူတစ်ဦးက မဲ့လဲထကျေးရွာနေ အသက် (၈၀) အရွယ် စောကာကား နှင့် အသက် (၇၆)နှစ်အရွယ် နော်စိန်ပုတို့ လင်မယားနှစ်ဦးကို အကြောင်းပြချက်မသိရဘဲ နေအိမ်ထဲထိဝင်ရောက်ပစ်သတ်သွားသော်လည်း ယခု နှစ်လကြာမြင့်သည်အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သေဆုံးသူနှစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းက “သေပြီးသားလူကို အသက်ပြန်ရှင်ဖို့ လုပ်လို့မရပေမယ့်လည်း လူဖြစ်တဲ့အတွက် သူတို့မှာ အခွင့် အရေးရှိတယ်။ ပစ်သတ်သွားတဲ့ အကြောင်းအရင်း သိဖို့လိုအပ်တယ်။ အခုက ဘာကြောင့်ပစ်သွားလဲ ဘာမှမသိရဘူး။ လာပစ်သွားတဲ့လူတွေက ဘေးမှာမြင်တဲ့လူတစ်ယောက်ရဲ့ ပြောချက်အရ ဘာမှ မေးပြောတာမရှိဘဲ ရောက်တာနဲ့ ပစ်သတ်သွားတယ်။ အဲဒါကြောင့် ဒေသတာဝန်ခံအနေနဲ့ ဘယ်သူက ပစ်သတ်သွားလဲ ပစ်သတ်ရတဲ့အကြောင်းအရင်းကို အားလုံးသိဖို့ ပွင့်လင်းမြင်သာမှုရှိအောင် ဖော်ထုတ်ပေးစေချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်သတ်ခံရသည့် စောကာကားမှာ မျက်လုံးနှစ်ဖက်စလုံးကို ပစ်ဖောက်သွားခဲ့သလို ဇနီးဖြစ်သူ နော်စိန်ပုကိုလည်း ရင်ဘတ်တွင် နှစ်ချက်နှင့် နောက်စေ့တွင် တစ်ချက်ပစ်ခတ်သွားခဲ့ကြောင်း၊ လာရောက်ပစ်ခတ်သွားသူမှာ လူငယ်အရွယ်ခန့်သာရှိပြီး တစ်ဦးမှာ ကားပေါ်၌စောင့်ပြီး ကျန်တစ်ဦးမှာ အိမ်ထဲဝင်လာကာ ပစ်သတ်သွားခြင်းဖြစ်ကြောင်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ ၎င်းပစ်သတ်ခံရသူ သက်ကြီးရွယ်အိုလင်မယားနှစ်ဦးနှင့်အတူ ရော်ဘာခြစ်သူတစ်ဦးရှိနေသော်လည်း ၎င်းတို့နှစ်ဦးကိုသာ ရွေးပြီးပစ်သွားသလို ပြန်ထွက်သည့်အချိန် တွင်လည်း လမ်းပေါ်တွင် သေနတ် ၃ ချက် ပစ်ဖောက်သွားခဲ့သေးကြောင်းလည်း အိမ်နီးနားချင်းများက ပြောသည်။

Photo: CJ

ထိုဖြစ်စဉ်အပေါ် သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က “ကျနော်တို့ မြို့နယ်က စုံစမ်းချက်အရ အဲဒီလာသတ်သွားတဲ့ လက်နက်ကိုင်သမားတွေက ကျနော်တို့ အဖွဲ့ဘက်က မဟုတ်ဘူး။ တစ်ခြား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖြစ်တယ်။ စုံစမ်းသိရှိရသလောက်တော့ သူတို့တွေ စကားများခဲ့ဖူး တာရှိ တယ်။ အဲဒီသေဆုံးသူနှစ်ယောက်က အောက်လမ်းပညာနဲ့လုပ်လို့ မကျေနပ်ချက်ကြောင့် ပစ်သတ် တယ်လို့ ကြားသိရတယ်။ အဲဒါကြောင့် တရားခံတွေက ကျနော်တို့ ဒေသကလူမဟုတ်ဘူး။ ကျနော်တို့ အဖွဲ့ကလူလည်းမဟုတ်တော့ အမှုဖွင့်အရေးယူဖို့ နည်းနည်းခက်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တကောင်ဘိုးကျေးရွာအုပ်စုတွင် ကေအဲန်ယူ လက်အောက်ခံတပ်ဖွဲ့များအပြင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့၊ ဗိုလ်ဘိဦးစီးသော တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များ လှုပ်ရှားနယ်မြေဖြစ်ပြီး ဒေသအတွင်း ကျေးရွာလူ ထုများ၏ ပြောဆိုချက်အရ ထိုလာရောက်ပစ်သတ်သွားသူများမှာ DKBA တပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်သူဖြစ်ကြောင်း ပြောဆိုကြသည်။

၎င်းစွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး ဗိုလ်ဘိဦးဆောင်သည့် DKBA တပ်ဖွဲ့အား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပေ။

သထုံခရိုင်၊ ဖားအံမြို့နယ်ရှိ တကောင်ဘိုးကျေးရွာအုပ်စုတွင် အောက်လမ်းပညာအသုံးပြုသည်ဟု စွပ်စွဲ ပြောဆိုမှုဖြင့် ဒေသခံအရပ်သားများ အလားတူ သတ်ဖြတ်ခံရမှုဖြစ်စဉ်မျိုး ယခင်က မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားရာ နယ်မြေဖြစ်၍ ဒေသခံများအနေဖြင့် ထုတ်ဖော်ပြောမှု မလုပ်ရဲကြကြောင်း သိရှိရသည်။