Home သတင်း လေပြင်းတိုက်ခတ်မှုကြောင့် ကရင်နီ စစ်ရှောင်စခန်းတွင် အမိုးအကာများပြိုကျပျက်စီး၍ အကူ အညီများ လိုအပ်နေ

လေပြင်းတိုက်ခတ်မှုကြောင့် ကရင်နီ စစ်ရှောင်စခန်းတွင် အမိုးအကာများပြိုကျပျက်စီး၍ အကူ အညီများ လိုအပ်နေ

779
Photo: CJ

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးကြီးပြီး လေးပြင်းတိုက်ခတ်မှုများကြောင့် စစ်ရှောင်စခန်းတွင် နေထိုင်အသုံးပြုသည့် အမိုးအကာများ ပြိုကျပျက်စီးကုန်ကာ ၎င်းအမိုးအကာများအတွက် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ယခု ဇွန်လပထမအပတ်မှ စတင်ကာ မိုးရွာသွန်းမှု နှင့် လေးပြင်းတိုက်ခတ်မှု ဆက်တိုက်ပြင်းထန်လျက်ရှိသောကြောင့် ယာယီသဘောမျိုးသာတည်ဆောက်ထားသည့် စစ်ရှောင်စခန်းအတွင်းရှိ အမိုးအကားများပျက်စီးကုန်ပြီး အရေးပေါ် အမိုးအကာ အကူ အညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင် အနီးကပ်ကူညီနေသူတစ်ဦးက ပြောသည်။

၎င်းက “လက်ရှိမှာကတော့ ဒီနှစ်မိုးလာတာစောတယ်။ မိုးရွာသွန်းမှုတွေများတာကြောင့် အမိုးအကာတွေ လွင့်ထွက်ကုန်တယ်။ စစ်ရှောင်စခန်းတွေက ယာယီစစ်ရှောင်တဲ့ပုံစံမျိုးတွေနဲ့ ဆောက်ထားတယ်။ တာလပတ်တွေ အများဆုံး သုံးထားတော့ လေတိုက်တာနဲ့ အကုန်ပျက်စီးကုန်တဲ့ အနေ အထားမှာရှိတယ်။ မိုးရာသီမှာလည်း စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းနှင့် ရေမြောင်းများ ရေလျှံမှုဖြစ်ပေါ်နေပြီး ကုန်းနိမ့်ပိုင်းတွင် တဲထိုးနေထိုင်ရသည့် စစ်ရှောင် စခန်းများတွင် ရေဝင်သည့်အတွက် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။

အလားတူ လေပြင်းတိုက်ခတ်မှုများကြောင့် စာသင်ကျောင်းအဆောက်အအုံများ၏ အမိုးအကာများ ယိုယွင်း ပျက်စီးခြင်း၊ မလုံလောက်ခြင်းများ နှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ကရင်နီပြည်မှ စစ်ဘေးရှောင်ကူညီနေသူ မြေပြင် တာဝန်ခံ တစ်ဦးက ပြောသည်။

“ဒီဘက်ကျောင်တွေမှာက ကိုယ်ထူကိုယ်ထကျောင်းတွေများတယ်။ တိုက်ပွဲကလည်း လက်ရှိမှာ ရှိနေတုန်းပဲဆို တော့။ တချို့ကျောင်းတွေကတော့ ပြန်ဖွင့်တယ်။ အစိုးရကျောင်းတွေလည်းမဟုတ်တော့ ပစ္စည်းအလုံအလောက်မရှိတာလည်းပါတယ်။ ရွာတစ်ရွာမှာ ကျောင်းတစ်ကျောင်းရှိပြီးဆို လူဦးရေ (၂၀၀) လောက်ရှိတယ်။ စစ်ရှောင်စခန်းတွေမှာလည်း ကျောင်းအသီးသီး ရှိကြတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် ကိုယ်ထူကိုယ်ထစာသင်ကျောင်း (၃၀) ထက်မနည်းရှိပြီး စစ်ဘေးရှောင် စခန်းပေါင်း ၅၀ ကျော်ရှိကာ စခန်းတစ်ခုတွင် အိမ်ခြေ ၅၀ ပါဝင်ကြောင်း ဒေသတွင်း ကူညီဆောင်ရွက်ပေး သူများ၏ ပြောဆိုချက်များအရ သိရသည်။

လေတိုက်ခတ်မှုပြင်းထန်ပြီး မိုးကြီးလျှင် ဒီးမော့ဆိုအနောက်ခြမ်းရှိ ထင်းရှူးပင်များအောက်တွင် တာလပတ်တဲဖြင့်နေထိုင်သော စစ်ဘေးရှောင်များအတွက် ခံသာသေးသော်လည်း အကာအရံမရှိသော လယ်ကွင်းပြင် လိုနေရာမျိုးတွင် နေထိုင်ရသော စစ်ဘေးရှောင်တဲများမှာ ပျက်စီးမှုပိုများကြောင်း စစ်ဘေးရှောင်ကူညီ သူများ ၏ ပြောဆိုချက်များအရ သိရသည်။