ယူကျုံးမရဖြစ်ရပါတယ်
မောင်ကျော်စွာ
(၂၀၂၄ခုနှစ်၊ ဇွန်လ ၂၄ရက်)
(၁၉-၆-၂၀၂၄) ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း)(စကစ) စစ်အုပ် စုရဲ့ ခါးပိုက်ဆောင် စစ်တပ်က မိုက်မိုက်ကန်းကန်း ရမ်းရမ်းကားကား ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရရှာတဲ့ ဖြစ်စဉ် ကို ဆိုရှယ်မီဒီယာပေါ်မှာ တင်လာ၊ ဖြန့်လာကတည်းက သတိနဲ့စောင့်ကြည့်နေမိပါတယ်။
(၂၀-၆-၂၀၂၄) ရက်နေ့ (မြဝတီ/ကြေးမုံ/မြန်မာ့အလင်း) သတင်းစာတွေမှာတော့ “PDF အမည်ခံ အကြမ်းဖက် သမားများ၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့်” ဆိုပြီး တကယ့်အဖြစ်မှန်ကို ဖုံးကွယ်ကာ ထိခိုက်ဒဏ်ရာရရှိ သွားတဲ့ ကန်သုံးဆင့် ပရိတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း) ကုသမှု ခံယူနေတဲ့ဓာတ်ပုံ၊ ဝဲဖက်လက်မှာ ပတ်တီးစည်းထားတဲ့ ယာဉ်မောင်း ကိုကျော်ဝင်းရဲ့ ဓာတ်ပုံနဲ့ ဖြစ်စဉ်ပြ မြေပုံကြမ်းတစ်ခုကို ဖော်ပြထား ပါတယ်။
(၂၀-၆-၂၀၂၄)ရက်နေ့ ညနေပိုင်းမှာတော့ အပေါ်ယံမျှသာ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကန်သုံးဆင့် ပရိတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)ကနေ ဆရာတော်သံဃာတော်တွေကို ကြုံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လျှောက်ထားတင်ပြနေတဲ့ ရုပ်သံဖိုင်တစ်ခု ပေါ်ထွက်ပျံ့နှံ့လာပါတယ်။
ကျွန်တော်ကြည့်ရှုရတဲ့ ရုပ်သံဖိုင်ကတော့ Ven Pannadipa (ဗုဒ္ဓဝိဟာရဆရာတော်) ရဲ့ Facebook ကနေ တဆင့်ကြည့်ရတာပါ။ (ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်ခတ်ခံရ၊ ပျံလွန်တော်မူရတဲ့ကိစ္စ၊ ကားပေါ်အတူကြွတဲ့ ဆရာ တော်ကြီးကိုယ်တိုင် ရှင်းလင်းချက်အပြည့်အစုံ၊ ကြာချိန် ၁၀မိနစ် ၅၂စက္ကန့်)လို့ စာညွှန်း(caption) ရေးထိုးထားပါ တယ်။
အဲဒီရုပ်သံထဲမှာ “အလွန်အင်မတန်မှ စာတော်တဲ့ သာသနာမှာ အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မိတာရုံ ဆရာ တော်တစ်ပါး ဆုံးရှုံးရတဲ့အတွက် ဘုန်းကြီးဟာ ယူကျုံးမရဖြစ်ရပါတယ်” ဆိုတဲ့စကားကို ကြေကွဲဝမ်းနည်းစွာနဲ့ သုံးကြိမ် သုံးခါမိန့်ဆိုပြီး ဆရာတော် မျက်ရည်သုတ်တာကို မြင်ရပါလိမ့်မယ်။
ရုပ်သံဖိုင်ထဲမှာ အဲဒီလို “ကန်သုံးဆင့် ပရိတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)” ရဲ့ ရှင်းလင်းမိန့်ကြားချက် အပြည့်အစုံကို နားထောင်လိုက်ရတော့ (၂၀-၆-၂၀၂၄) ရက်နေ့ထုတ် (မြဝတီ/ကြေးမုံ/ မြန်မာ့အ လင်း) သတင်းစာတွေမှာ ဖော်ပြထားတာတွေဟာ အဖြစ်မှန်ကို ဖုံးကွယ်ပြီး လိမ်ညာ လုပ်ကြံဖန်တီးထားချက်တွေသာ ဖြစ်တယ်ဆိုတဲ့အချက်ဟာ အင်မတန်မှ ပေါ်လွင်ထင်ရှား ရှင်းလင်းသွားပါတယ်။
ပထမအချက်က “PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့်” ဆိုတဲ့ သတင်းစာမှာ ရေးသားဖော်ပြချက်ဟာ ဗြောင်လိမ်ညာထားတဲ့အချက်ဖြစ်ပါတယ်။
“ဘုရားတပည့်တော် (ကား) အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ – ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေ ရက်စက်လှချည်လားလို့ အရှင်ဘုရားတို့က ဘုရား ဘုန်းကြီးမှန်းမသိလို့ပါ ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားဖြစ်တယ်ထင်လို့ ပစ်ပါ တယ်ဘုရားတဲ့ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်”လို့ “ကန်သုံးဆင့် ပရိတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)” ရှင်းလင်းမိန့်ကြားချက်ထဲမှာ အတိအလင်းပါရှိပါတယ်။
ဒီတော့ မဆင်မခြင် ရမ်းရမ်းကားကား ပစ်ခတ်မှုဟာ ခါးပိုက်ဆောင်စစ်တပ်ရဲ့လက်ချက်သာ ဖြစ်တယ်ဆိုတာ ရှင်းလင်းလှပါတယ်။
ဒုတိယအချက်က သတင်းစာထဲမှာ “ယာဉ်မောင်းကိုကျော်ဝင်း”က ပြောဆိုလေဟန် ထည့်သွင်းထားတဲ့ အချက်ကတော့ လုပ်ကြံလိမ်ညာမှုပဲဖြစ်ပါတယ်။ PDF ဆိုတဲ့ စကားလုံးကို အဲဒီသတင်းတစ်ပုဒ်လုံးမှာ ၈ကြိမ် ဖော်ပြ ထားပါတယ်။
ဒီမှာ တဆင့်တက်ပြီး မြင်နိုင်တာက “ယဉ်မောင်း ကိုကျော်ဝင်း”ဟာ စစ်တပ်က ပြောခိုင်းတဲ့အတိုင်း ပြောရတဲ့ အကျပ်ကိုင်ခြိမ်းခြောက်မှုကို ခံရတယ်ဆိုတဲ့ အချက်ပါပဲ။
ဒီတော့ မင်းအောင်လှိုင်တို့ရဲ့ ခါးပိုက်ဆောင်စစ်တပ်ဟာ တိုင်းပြည်နဲ့အနှံ့မှာ ကြမ်းချင်သလိုကြမ်း၊ ရမ်းချင်သ လိုရမ်းကားနေတာ၊ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။ သူတို့အကြမ်းဖက်တာတွေကို တခြားအဖွဲ့အ စည်းတွေနာမည်တပ်ပြီး လုပ်ကြံဖုံးကွယ်နေတာတွေဟာ ဘယ်လိုမှဖုံးမရဖိမရနိုင်တော့ဘဲ ပေါ်လွင်သွားပါတော့တယ်။
အခုလို ဘူးပေါ်သလို ပေါ်သွားတော့ အောက်ခြေက ဘယ်သူ့ကို ထိုးကျွေးအုံးမလဲဆိုတာကို ဆက်လက်ပြီး စောင့်ကြည့်ကြရပါအုံးမယ်။
တကယ်တော့ စစ်အုပ်စုထိပ်သီးတွေ၊ စစ်အာဏာရှင်တွေရဲ့ ဗီဇစရိုက်သဘာဝကတော့ သူတို့အာဏာ လောဘ နဲ့ သူတို့မိသားစုအကျိုးစီးပွားတွေအတွက်ဆိုရင် ဘယ်သူ့ကိုယ်မှ စာနာထောက်ထားသက်ညှာလေ့မရှိဘူး ဆိုတာပါပဲ။ ဆက်ပြီး ဗြောင်လိမ်ညာလို့ သူတို့အတွက်အကျိုးမထူးနိုင်တော့တဲ့အခါ အခြေအနေမဟန်တော့တဲ့ အခါအောက်ခြေက တစ်စုံတစ်ယောက်ကို တရားခံအဖြစ် ထိုးကျွေးလိုက်တာပါပဲ။
ပြီးတော့မှ “အကျင့်ပျက်လာဘ် စားမှု၊ အမိန့်မနာခံမှု” စတဲ့ ပုဒ်မတွေမျိုးစုံတပ်ပြီး အဲဒီလို အမှုအခင်းတွေကို သူတို့က ထိန်းသိမ်းကြပ်မတ် ကိုင်တွယ်နေပါတယ်ဆိုပြီး သူတို့ကိုယ်သူတို့ အရောင်တင်လေ့ရှိပါတယ်။ ဒီလိုကိစ္စမျိုး တွေဟာ “ဗိုလ်ခင်ညွန့်ဖြုတ်တဲ့ကိစ္စ၊ မိုးမြင့်ထွန်းဖြုတ်ပစ်တဲ့ကိစ္စတွေ” ကိုကြည့်ရင် အင်မတန်မှ ထင်ရှားပါတယ်။
ဒီလိုဖြစ်ရပ်တွေ ဒီလို အကြမ်းဖက်သတ်ဖြတ်မှုတွေ အင်မတန်ဗြောင်ကျတဲ့ လုပ်ကြံလိမ်ညာမှုတွေဟာ “စစ် ၃ စစ်” နဲ့ “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှတော့ အချိန်ကာလအခြေအနေအမျိုးမျိုးမှာ ပုံစံမျိုးနဲ့ ပေါ်ထွက်လာနေ အုံးမှာပါပဲ။ ဒီလို ပြဿနာတွေကို အရင်းအမြစ်ကနေ ဖြေရှင်းလိုတယ်ဆိုရင်တော့ “စစ် ၃စစ်”နဲ့ “၂၀၀၈ အခြေခံဥပဒေ” အကုန်အစင် ဖျက်သိမ်းပစ်နိုင်ဖို့ လိုပါတယ်။
အကြမ်းဖက်(စကစ)စစ်တပ်ရဲ့ လက်ချက်ကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူရတာကို ကျွန်တော်တို့ KIC သတင်းဌာနက ဆရာတော်ကို ကြည်ညိုလေးစားသူ ဒကာဒကာမများနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။
အဖြစ်မှန်ကို တိုင်းပြည်နဲ့ လူထုကသိအောင် ပညာ၊ ဝိနည်း၊ သိက္ခာတည်ကြည်စွာဖြင့် ရှင်းလင်းမိန့်ကြားတဲ့ ကန်သုံးဆင့် ပရိတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသအား ရိုသေစွာ ရှိခိုးပါကြောင်း တင်ပြလိုက်ရပါတယ်။



















