Home သတင်း မြဝတီ-ကျုံဒိုးလမ်းပိုင်း သွားလာသည့် ကုန်ကားလမ်းကြောင်းဖြတ်သွားရာကျေးရွာများဘက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

မြဝတီ-ကျုံဒိုးလမ်းပိုင်း သွားလာသည့် ကုန်ကားလမ်းကြောင်းဖြတ်သွားရာကျေးရွာများဘက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

884
Photo: ကျားဖြူစစ်ကြောင်း

ဇွန်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်၊ လှိုင်ဝအမြှောက်ကုန်းရှိ စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကစ အမှတ် ၁၂ လက်အောက်ခံတပ်သည် မြဝတီဒေါနတောင်လမ်းဟောင်းမှ ကျုံဒိုးလမ်းပိုင်းအသုံးပြုသွားလာနေသည့် ကုန် ကားနှင့် ခရီးသည်ကား လမ်းကြောင်းဖြတ်သွားရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ စကစ ၁၂ လှိုင်ဝအမြှောက်ကုန်းမှ မြဝတီဒေါနတောင်လမ်းဟောင်းမှ ကျုံဒိုးလမ်းပိုင်းဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှား၍ မရအောင် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မနေ့က ညကြီး ၁၀နာရီ ခွဲလောက်မှာ ကော့ကရိတ်လှိုင်ဝအမြှောက်တပ်ကနေ ၁၂၀ အမြှောက်နဲ့ ဒေါန တောင်လမ်းဟောင်း တောင်ကျောဘက်၊ အောက်ဘိုတဲ နေရာဘက်ကို ၁၂၀ မမ ၁ လုံး၊ မိဖာလဲ ရွာဘက် ၁ လုံး ၊ ထီဖိုးစံရွာ၊ ကွီမောင်တိုင် ညောင်ပင်ကွင်းဘက် ၁ လုံး၊ မြပတိုင်ရွာ ထိပ်ကနိုင် ဖုန်းရောင်းတဲ့ ဆိုင်ဘေး ၁ လုံး ကျ ရောက်ပေါက်ကွဲတယ်။ လူတွေတော့ မထိဘူး၊ အခုက ကုန်ကားလမ်းကြောင်း ကိုစစ်ဆေးတဲ့ PDF တို့ ကရင် အဖွဲ့တို့ လမ်းမှာစစ်‌ဆေးတာမျိုး လုပ်လို့မရအာင် အလုံးကြီးတွေ ပစ်ထုတ်တာမျိုး ဒီရက်ထဲလုပ်တာ” ဟု ပြောသည်။

ယခုလတ်တလော မြဝတီဘက်မှ သယ်ဆင်းလာသည့် ထိုင်းကုန်စည်ကားများအနေဖြင့် ကော့ကရိတ် မြို့ထဲမှ ဖြတ်သန်းပြီး ကျုံဒိုးမြို့ဘက်သို့ အာရှလမ်းပိုင်းအသုံးပြု သွားလာခြင်းမရှိဘဲ မြဝတီ၊ ဒေါနတောင် လမ်းဟောင်း၊ ထီဖိုးစံ၊ နောင်တပွဲ၊ မြပတိုင်၊ ချောင်းဖျားမှ ကျုံဒိုးသို့ ဖြတ်သန်းသွားလာ နေကြသလို မြဝတီ၊ ထို့ကော်ကိုး ၊ နဘူး၊ ထီလုံ၊ ဖားအံလမ်းပိုင်း အသုံးပြု၍လည်း သွားလာမှုရှိနေကြောင်း သိရသည်။

“စစ်တပ်က ထို့ကော်ကိုးလမ်းဘက် ဆင်းလာတဲ့ကားဆို မဖမ်းဘူး၊ မစစ်ဆေးဘူး။ လမ်းဟောင်းက ဆင်းလာတဲ့ ကားတွေက PDF နယ်မြေထဲက ဖြတ်လာတာဆိုတာ့ စစ်တပ်က ကားသမားတွေကို စစ်မေးတယ်။ စစ်တပ် ထောက်ခံတဲ့ ရွာသားတွေကို PDF နဲ့ KNU တွေရှိနေတဲ့ နေရာတွေ စုံစမ်း ခိုင်းတယ်။ ပြီးရင် လက်နက်ကြီးနဲ့ ပစ် ၊ Y12 လေယာဉ်နဲ့ ဗုံးကြဲတာတွေ ၂ ရက်ရှိပြီ လုပ်နေတာ၊ အာရှ‌‌လမ်းဘက်ကစစ်တပ် တွေလည်း ဒီရက်ထဲ မြဝတီ ကို အတင်းထိုးတက်နေတယ်”ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများအနေဖြင့် ကျုံဒိုးဒေသဘက်နှင့် ကော့ကရိတ်အာရှလမ်း ၊ မြဝတီမှ ရွာသစ်ကျေးရွာ နေရာများတွင် BGF-နယ်ခြားစောင့်တပ် အောက်ခြေတပ်ဖွဲ့ဝင် အစုအဖွဲ့များနှင့် ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေကြောင်း သိရှိရသည်။