ဇွန်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှ တောင်ငူမြို့နယ်သို့ ဆက်သွယ်ထားသည့် ထန်းတပင်-တောင်ငူလမ်း ပိုင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်များတွင် လူငယ်များကို အဓိကထား ပိုမိုစစ်ဆေးလာသောကြောင့် ပရဟိတ ကူညီလုပ်ဆောင်နေသည့် လူငယ်များ အသွားအလာပြုလုပ်ရန် စိုးရိမ်နေရကြောင်း ပြောသည်။
ဇရပ်ကြီးဒေသတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါ လမ်းပိုင်းရှိ ထန်းတပင် တပြေးဂိတ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဖြတ်သန်းသွားလာသူ အမျိုးသားလူငယ်များကို အစစ်အဆေးပိုကြပ်ပြီး မသင်္ကာသူများကို ဖမ်းဆီး ခြင်းအပြင် ဖုန်းအတွင်း VPN ရှာဖွေစစ်ဆေးခြင်းပါ လုပ်ဆောင်လာသဖြင့် ပရဟိတလုပ်ဆောင်သူ ထန်းတပင် ဒေသခံ လူငယ်တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ဘယ်မှ မသွားရဲကြတော့ဘူး။ လမ်းမှာ စစ်လို့အခန့်မသင့်ရင် ဖမ်းခံရသေးတယ်။ တပြေး ထန်းတပင် ဂိတ်ဆို ယောင်္ကျားလေး အတော်များများ မသွားရဲကြဘူး။ ဟိုရွာမှာ အဖမ်းခံရတယ်။ ဒီရွာမှာ အဖမ်းခံရတယ်နဲ့ ခြောက်တဲ့သူလည်း ရှိသေးတယ်။ တောင်ငူကို ကားနဲ့သွားမှ အဆင်ပြေမယ်။ VPN တခါတလေစစ်တယ်။ လူငယ်တွေ ဆိုင်ကယ် နဲ့ မသွားရဲဘူး။ ဆိုင်ကယ်က ဆင်းတွန်းရတော့ စစ်မလား ဖမ်းမလား ကြောက်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အာဏာသိမ်းပြီးနောက် နယ်မြေအတွင်းပဋိပက္ခများကြောင့် သံတောင်၊ လိပ်သို၊ ကျောက်ကြီးနှင့် မုန်း အပြင် ထန်းတပင် ဇရပ်ကြီးဒေသက စစ်ရှောင်များပါ တောင်ငူမြို့သို့ရောက်ရှိလာကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဘာသာရေး အဆောက်အဦးများအတွင်း မှီခိုနေထိုင်သူ စစ်ရှောင်(၅,၀၀၀)ထက်မနည်း ရှိနေကြောင်း လူမှုကူညီ ရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ စစ်ရှောင်များ၏ စားနပ်ရိက္ခာနှင့်ဆေးဝါးလိုအပ်ချက်အတွက် ပရဟိတအဖွဲ့ကြီး၊ အဖွဲ့ငယ်များနှင့် အလှူရှင်များက တတ်နိုင်သ၍ ပံ့ပိုးပေးနေသော်လည်း ယခုလို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် တောင်ငူမြို့ခံမဟုတ်သည့် ပရဟိတအဖွဲ့အစည်းနှင့် ကူညီလုပ်ဆောင်ပေးနေသူ လူငယ်များအတွက် စိန်ခေါ်မှုရှိ လာကြောင်းလည်း လူငယ်များကဆိုသည်။
မြို့ခံလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “မြို့ထဲဆိုပြဿနာမရှိဘူး။ မြို့ထဲကနေအပြင်ကိုသွားတာ ဝင်တာဆိုရင်တော့ စစ်တာမေးတာရှိတယ်။ အဓိက က သူတို့မသင်္ကာတဲ့သူမျိုးပေါ့။ သူတို့သိတဲ့အဖွဲ့၊ တရားဝင် စာတင်တဲ့အဖွဲ့ဆိုရင်တော့ အဆင်ပြေတယ်။ တချို့က နယ်မြေအခြေအနေနားမလည်ဘဲလာတယ်။ အကြောင်းပြ ချက် သေချာမပြနိုင်ရင်တော့ ဖမ်းခံရတာမျိုးဖြစ်နိုင်တယ်။ ကျနော်တို့လည်း တချို့ကိစ္စတွေမှာ စာတင်ပြီးသွားရ တာမျိုးရှိတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် မေလပိုင်းလောက်ကလည်း တောင်ငူမြို့မှ ပြန်လာသူ ဇရပ်ကြီးဒေသခံ အမျိုးသားလူငယ်(၅)ဦးကို ထန်းတပင်-တပြေးဂိတ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသေးကြောင်း ၎င်းတို့နှင့် နီးစပ်သူ များကဆိုသည်။
အလားတူ စစ်ကောင်စီသည် တောင်ငူ-သံတောင်-လိပ်သို လမ်းရှိ ၎င်းတို့စစ်ဆေးရေးဂိတ်များတွင်လည်း လုံခြုံရေးတင်းကြပ်စစ်ဆေးမှုအပြင် ခရီးသွားများ နှင့် ယာဥ်မောင်းများအား ကိုယ်ထိလက်ရောက်ကျုးလွန်မှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာထိပါးမှုအပြင် ပရဟိတလူငယ်များကို တော်လှန်ရေးအင်အားစု ထောက်ပို့ မှုဖြင့် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။



















