Home သတင်း တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးစခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရ၍ ရှေ့တိုးမရ

တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးစခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရ၍ ရှေ့တိုးမရ

594
Photo: Internet

ဇွန်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ(၄)နယ်မြေ၊ လယ်မူလား မြို့နယ် တနင်္သာရီမြစ်ဘေးရှိ စစ်ကောင်စီတပ် ကျောက်လုံးကြီးစခန်းသို့ စစ်ကြောင်းပြန်ထိုးလာသည့် စစ်ကောင်စီတပ်များ လမ်းတစ်ဝက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ရှေ့တိုး၍မရကြောင်း နယ်မြေခံကေအဲန်ယူ တာဝန်ရှိသူထံမှ သိရသည်။

ကျောက်လုံးကြီးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် ယခုရက်ပိုင်းတွင် တပ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးပြန် တက်လာ ခြင်းဖြစ်ကာ ထိုသို့တက်လာသည့်လမ်းကြောင်းတစ်လျှောက်တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့တို့၏ ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက “ကျနော်သိရသလောက်တော့ သူတို့ တပ်စ ခန်းမှာ ချန်ထားတဲ့လက်နက်တွေ၊ ဖွက်ထားတဲ့လက်နက်တွေကို ပြန်လာယူဖို့ ဖြစ်တယ်။ စခန်းကိုတော့ ပြန်မရောက်သေးဘူး။ ဒါပေမယ့် လမ်းမကြီးဘေးက တောတွေမှာရောက်တယ်။ ဒီဘက်ကလည်း သူတို့ ပြန်တက်လာတဲ့ လမ်းတစ်လျှောက်မှာ စောင့်ပြီးအဆင့်ဆင့်တိုက်ခိုက်ထားတယ်။ ရှေ့တိုးရင်တော့ အကြီးကြီးတော့ ဆက်ဖြစ်မယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ဇွန်လ ၁၉ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာသည့် အဆိုပါ စစ်ကောင်စီတပ်များသည် တပ်အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ခြေလျင်တပ်ရင်း (ခလရ -၂၈၅) အပါအဝင် အမှတ်(၈) ပြည်ထောင် စုလမ်းမကြီးတလျှောက် အခြေချလှုပ်ရှားသည့် စစ်ကောင်စီတပ်ရင်း(၃)ရင်းနှင့် ပူးပေါင်း တက်လာခြင်းဖြစ်ကြောင်း ကေအဲန်ယူတာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် တနင်္သာရီ မြစ်ဘေးရှိ စစ်ကောင်စီ ဝေ့တူရေ့ (အောင်သာ ဝရ)တပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျောက်လုံးကြီးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း စခန်းစွန့်ခွာထွက်ပြေးကာ ပုလောမြို့ရှိ စစ်စခန်းတွင် ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခင်က ကျောက်လုံးကြီးစခန်းတွင် ခလရ(၂၈၅)တပ်ရင်း၊ စစ်ကြောင်း(၂)က အင်အား ၆၀ ဝန်းကျင်ဖြင့် အခြေချတပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး စခန်းစွန့်ခွာထွက်ပြေးပြီးနောက် ထိုစခန်းကို KNLA တော်လှန် ရေးပူးပေါင်း တပ်ဘက်မှ မီးရှို့ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီးပြီဟု KNLA ထံမှ သိရသည်။

၎င်းအပြင် ဝေ့တူရေ့(အောင်သာဝရ) စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုပြုလုပ်ခဲ့စဉ် ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယမန်နေ့တွင် ပုလောမြို့ရှိ စစ်ကောင်စီ တပ်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းလည်း ဘိတ်-ထားဝယ်ခရိုင် ကေအဲန်ယူ တာဝန်ရှိသူများက ပြောသည်။