Home သတင်း ကော့ဘိန်းကျေးနယ်အတွင်း ဒေသခံငြိမ်ချမ်းရေးတပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီတပ်ပူးပေါင်းပြီး စစ်ရှောင် နေအိမ်ရှိ ပစ္စည်းများသယ်ယူရောင်းချနေ

ကော့ဘိန်းကျေးနယ်အတွင်း ဒေသခံငြိမ်ချမ်းရေးတပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီတပ်ပူးပေါင်းပြီး စစ်ရှောင် နေအိမ်ရှိ ပစ္စည်းများသယ်ယူရောင်းချနေ

669
Photo- Social Media

ဇွန်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်း၊ ကော့ပေါက်ကျေးနယ်အတွင်း ကျေးရွာများဘက်တွင် ပူးပေါင်း တပ်စွဲနေထိုင်ကြသည့် မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းများသည် ဒေသခံနေအိမ်အတွင်းရှိ ရွှေငွေပစ္စည်းအပါအဝင် ဆိုင်ကယ် /ကား များအား ယူဆောင်ရောင်းချမှုများလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံသတင်းအရင်း အမြစ်များက ပြောသည်။

ရှောင်တိမ်းနေထိုင်နေရသူ ကော့ဘိန်းကျေးရွာသားတစ်ဦးက “အခုကော့ဘိန်း၊ ကော့ပေါက်၊ သရနာ၊ ဓမ္မသ၊ က နေခယား၊ သံလှယ်ဘက်အထိ မွန်ငြိမ်းချမ်းရေးအဖွဲ့ အောင်ချမ်းတို့အဖွဲ့၊ စစ်တပ်နဲ့ပေါင်းပြီး အိမ်တွေ အတင်း တက်ရှာတယ်။ ရွှေငွေတွေယူတယ်။ ဖုန်းတွေယူတယ်။ ဆိုင်ကယ်တွေဆိုရင် ကားတွေခေါ်လာပြီး အကုန် တင်သယ်သွားတယ်။ မိန်းကလးတွေကိုလည်း အဓမ္မပြုတာတွေရှိတယ်။ သတ်ခံရမှာမို့ မပြောကြဘူး။”ဟု ပြောသည်။

Photo- Social Media

ပြီးခဲ့သည့် မတ်လနှင့် မေလတို့တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ ကျေးရွာများဘက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် သရနာ၊ ဓမ္မသကျေးရွာများ မီးလောင်ပျက်စီးပြီးနောက် ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကုန်းကျေးရွာများသို့ စစ်တပ်စစ်ကြောင်းများအား မွန်ငြိမ်ချမ်းရေးတပ်ဖွဲ့ဝင်အချို့အား လမ်းပြခေါ် ဆောင် ကာ ပူးပေါင်းတပ်စွဲစစ်ဆေးမှုများ ယနေ့အထိ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာ သားက ပြောသည်။

“သူတို့ ရွာတွေက ဆိုင်ကယ်တွေ သယ်ထုတ်တာ အများကြီးပဲ၊ သိန်းရာချီတန်တဲ့ ဆိုင်ကယ်ကြီးတွေပါသယ်တာ ၊ ပြီးတော့ ကမ်းနီ၊ ကျုံဒိုးဘက်ကို သယ်လာပြီးလာရောင်းစားကြသောက်ကြလုပ်နေကြတယ်။ အောင်ချမ်းအဖွဲ့ တွေက ခယား၊ သံလှယ်ဘက်အအထိ ဂိတ်ချပြီး တောင်ပါ်အဆင်းအတက်ကားတွေပါ ငွေကောက်ဂိတ်ဖွင့် နေတာ မျိုး ရှိလာတယ်။ PDF အဖွဲ့တွေ လာမတိုက်သေးတာ့၊ စစ်တပ်နဲ့အောင်ချမ်းအဖွဲ့တွေ လုပ်ချင်သလို ရွာသားတွေ ကို ဒုက္ခပေးနေတာပေါ့”ဟု ဘုရားကုန်းကျေးရွာက စစ်ရှောင်နေထိုင်ရသူ ‌‌‌‌‌‌‌‌‌‌‌ရွာသားတစ်ဦးကလည်း ပြောသည်။

Photo- Social Media

အဆိုပါ ကော့ဘိန်းကျေးနယ်ဒေသအတွင်း စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ဒေသခံများအပေါ် ဖိနှိပ်နေဟု ပြောဆိုနေသည့် ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်း နေသော်လည်း တစ်စုံတစ်ရာ ဆက်သွယ်အကြောင်းပြန်ကြားမှု မရရှိသေးပေ။

ယခုလက်ရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မွန်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများ ဘက်တွင် ဇာသပြင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမှတ် ၈၁ တပ်ရင်းက စစ်ကြောင်းထိုး တပ်စွဲနေရာ ယူထားပြီး KNLA မဟာမိတ်ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည့် နေရာများဘက်သို့ လက်နက်ကြီးပစ်ထုတ်မှု၊ လေယာဉ်ကင်းထောက်ပျံသန်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောစကားအရ သိရှိရသည်။