Home သတင်း ကော့ကရိတ် နှင့် ကျုံဒိုးတွင် ဆိုင်ကယ်တစ်စီးကို လူနှစ်ဦးစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်တားမြစ်

ကော့ကရိတ် နှင့် ကျုံဒိုးတွင် ဆိုင်ကယ်တစ်စီးကို လူနှစ်ဦးစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်တားမြစ်

716
Photo: CJ (ပုံဟောင်း)

ဇွန်လ ၁၄ ရက် ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နှင့် ကျုံဒိုးမြို့တွင် စစ်ကောင်စီက ဆိုင်ကယ်တစ်စီးကို လူနှစ်ဦးစီးနင်းခွင့် ပိတ် ပင်လိုက်ပြီး နှာခေါင်းစီး၊ ဘေးလွယ်အိတ် နှင့် ကျောပိုးအိတ်များ အသုံးပြုသွားလာခြင်းကိုပါ တားမြစ်လိုက် ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့်၎င်းတို့ လက်အောက်ခံ စည်ပင်ဝန်ထမ်းများလိုက် လံကြေငြာ အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ ပိတ်ပင်တားမြစ်သည့် အမိန့် ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း မြို့အဝင် အထွက်နေရာများတွင်လည်း စစ်ဆေးတင်းကြပ်မှုများလုပ်ဆောင်နေကြောင်း ကော့ကရိတ်ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ဆိုင်ကယ် နှစ်ယောက်မစီးရဘူးလို့ပြောတယ်။ ယောကျ်ားနှစ်ယောက်ပေါ့ နှာခါင်းစီးမတပ်ရ လွယ်အိတ်မလွယ် ရပေါ့၊ ဘယ်လိုလုပ်သွားလာရတော့မလဲ။ အခုက BGF ကလည်း ရွာကမြို့တက်ဈေးဝယ်ရင်စစ်တယ်။ ဂိတ်ကြေး ကောက်တယ်။ အခုစစ်တပ်က ထပ်စစ်ဆေးနေတယ်။ ဆိုတော့ မြို့ မှာနေတာရော ရွာဘက်ရှောင်နေတာရော မလွယ်တာ့ဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်အနေဖြင့် ဖားအံမြို့ မှတစ်ဆင့် စစ်ကူ၊ လက်နက်ခဲယမ်းများအား အရပ် သားကားများ အသုံးပြုပြီး အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းများထံ စစ်ကူပို့ဆောင်ပေးနေပြီး KNLA မဟာ မိတ်ပူးပါင်းတပ်များ၏ ဖြတ်တောက်တိုက်ခိုက်ခြင်း မခံရအောင် နယ်ခြားစောင့်တပ်-BGF၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တပ်ဖွဲ့များ ထိန်းချုပ်ထားရာ လမ်းပိုင်းများမှ တဆင့် ပို့ဆောင်ပေးနေကြောင်းလည်း ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။

“စစ်တပ်က ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီပေါ့ နေ့တိုင်း ဖိတိုက်လာနေတယ်။ အာရှလမ်းပြန်ပွင့်ဖို့ ဖားအံကနေ စစ်ကူစစ်သားရော လက်နက်ခဲယမ်းရော အရပ်သားကားတွေကို ချောဆွဲပြီး ပို့နေတယ်။ အောင်ဇေယျစစ်ဆင် ရေးက စစ်သားတွေလည်း နေတိုင်း သေနေ ဒဏ်ရာရနေတယ်။ အခု ဆိုင်ကယ် ၂ယောက် မစီးရဆိုပြီး ဒေသခံ တွေကို တင်းကြပ်တာတွေလုပ်လာပြီး။ ရွာဘက်တွေအထိတော့လာမပြောသေးဘူး”ဟု စစ်ရေးသတင်းအရင်း အမြစ်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။

လက်ရှိတွင် ကော့ကရိတ် နှင့် ကျုံဒိုး မြို့အနီး ကျေးရွာများဘက်တွင် စစ်ကောင်စီတပ် နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်များအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး ခြေလျင်တပ်ရင်း(ခလရ-၉၇) နှင့် လှိုင်ဝအမြောက်ကုန်းနေရာကနေ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် အရပ်သားထိခိုက်မှုဆက်ရှိနေ ကြောင်း ဒေသခံရွာသားများက ပြောသည်။

ထီဖိုးစံကျေးရွာသား တစ်ဦးက “စစ်တပ်က ကုန်ကားဆင်းလာတဲ့ လမ်းပိုင်းကရွာတွေကို လက်နက်ကြီးပစ်ထုတ် တယ်။ အိမ်တွေ ခြံတွေပေါ် ကျပေါက်တယ်။ အရင် ရက်ပစ်တာက ခြံတွေ ရွာပြင်ဘက်တွေဆိုတော့ လူမထိဘူး။ အခုက ရွာထဲကျပေါက်လာပြီး။ မနေ့က ဘော့ဒိုင်းရွာထဲ ကျပေါက်တာ အရပ်သား ထိခိုက်မှုရှိတယ်။ လူနာ အချက်အလက်တော့ မသိရသေးဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ကော့ကရိတ်မြို့တွင်းသို့ စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်ထိန်းချုပ်ပြီးနောက်ပိုင်း ဧပြီလက စစ်ဘေး ရှောင်နေရသည့် မြို့ခံလူထုများကို မြို့ထဲ ပြန်လည်ဝင်ရောက်နေထိုင်ခိုင်းသော်လည်း နှစ်ဖက်တိုက်ခိုက်မှု ဆက်ရှိ နေသည့်အတွက် မြို့ခံလူထုအားလုံး မပြန်လာကြသေးသလို စစ်ကောင်စီ ရုံးဖွင့်၊ကျောင်းဖွင့်သည့် အခြေ အနေမှာလည်း ဟန်ပြသာဖြစ်ကြောင်း လက်ရှိ ပြန်လည်နေထိုင်နေကြသူများက ဆိုသည်။