Home သတင်း ကော့ကရိတ်မြို့အနီး တိုက်ပွဲဆက်ရှိနေ၍ ဒေသခံများ လယ်ယာလုပ်ကိုင်၍မရဖြစ်နေ

ကော့ကရိတ်မြို့အနီး တိုက်ပွဲဆက်ရှိနေ၍ ဒေသခံများ လယ်ယာလုပ်ကိုင်၍မရဖြစ်နေ

484

ဇွန်လ ၂၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အနီးဝန်းတွင် ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပေါ်နေသလို ဒေသခံများအနေဖြင့် လည်း နေရပ်ပြန်လည်နေထိုင်ခွင့်မရကြသေးသောကြောင့် ကော့ကရိတ်မြို့အနီးကျေးရွာမှ ဒေသခံများ ယခုနှစ်လည်း လယ်လုပ်ကိုင်၍ မရကြသေးကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့တွင်းနေထိုင်သူအချို့ နေရပ်ပြန်လည်နေထိုင်ခွင့် ရကြသော်လည်း မြို့အနီးကျေးရွာမှ ဒေသခံ ပြည်သူများ စစ်ဘေးဆက်လက်ရှောင်နေကြရပြီး လယ်လုပ်ကိုင်ရန်လည်း လုံခြုံရေးအရ လုပ်ပိုင်ခွင့်မရရှိကြသေးကြောင့် လယ်ပိုင်ရှင်များက ပြောသည်။

မောင်းမလယ်သမားတစ်ဦးက”ကော့ကရိတ်မြို့အစွန်နဲ့ မြို့အနီးရွာတွေဟာ ပြန်နေလို့မရဘူး။ လယ်လုပ်ချိန် လယ်လုပ်ခွင့် လည်း မရကြဘူး။ အချို့ ရွာကစစ်ကောင်စီတပ်စွဲထားလို့ ရွာသားတွေပြန်လုပ်ခွင့်မရသလို အချို့လယ်တွေက အန္တရာယ်ရှိလို့ တော်လှန်ရေး တပ်ဖွဲ့ဘက်ကပေးမလုပ်ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ဒေသခံရွာသားများ အဓိက အသက်မွေးကျောင်းပြုနေသည့် လယ်လုပ်ငန်း နှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်စားသောက်၍မရသည့်အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် စားဝတ်နေရေး အခက်အခဲများစွာရှိနေကြောင်းလည်း စစ်ရှောင်နေရသူများကပြောသည်။

“ကျမတို့ရွာသားတွေ အဓိက လယ်လုပ်ကျွဲနွားတွေ မွေးပြီး အသက်မွေးကြတယ်။ အခု လယ်လည်းလုပ်မရဘူး။ မွေးထားတဲ့ ကျွဲ၊ နွားတွေရှိသေးလားပြန်ကြည့် မရဲဘူး။ ကုန်စျေးနှုန်းကလည်းတက်တော့ စားဝတ်နေရေးအတွက် တော်တော်ခက်ခဲနေတယ်” ဟု ရွာသစ်ကုန်းကျေးရွာ ဒေသခံစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့တွင် တပ်အထိုင်ချထားပြီး မြဝတီ အာရှကုန် သွယ်ရေးလမ်းကို စစ်ကြောင်းများထိုးနေသော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သဖြင့် တိုက်ပွဲများမကြာခဏဖြစ်ပွားမှုရှိကြောင်း ရှေ့တန်းနယ်မြေရောက် တော်လှန်ရေး တပ်ဖွဲ့ ဝင်များက ပြောသည်။

လတ်တလောတွင်လည်း မြဝတီမြို့အနီးဝန်းကျင်ကျေးရွာများဘက်တွင် တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး နှင့် ဒရုန်းများကို ပိုမိုအသုံးပြု တိုက်ခိုက်လာခြင်းကြောင့် ဒေသခံများလက်နက်ကြီးကျည်ထိမှန်မှုများလည်း မကြာခဏ ဖြစ်ပွားကြောင်း စစ်ရေးသတင်း အရင်းအမြစ်များက ဆိုသည်။

အလားတူ ကော့ကရိတ်မြို့အနီးရှိ ရွာသစ်ကုန်း၊ ကျောက်စရစ်ကုန်း၊ ကြောင်လျှာကုန်း၊ ကော့နွဲ၊ တနင်မူးနှင့် ဆင်ကုန်း စသည့်ကျေးရွာများမှ ဒေသခံရွာသူရွာသားများသည် တိုက်ပွဲများကြောင့် ရွာမှထွက်ပြေးတိမ်းရှောင်ရသည်မှာ ၃နှစ်ကျော် ရှိနေပြီး ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုနှင့် မိမိတို့၏ အသက်မွေးလုပ်ငန်း ပြန်လည်လုပ်ကိုင်၍မရသဖြင့် အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ နေရသည်။