Home သတင်း ကေအဲန်ယူ ဖားအံခရိုင် ဦးဆောင်မှုဖြင့် မျက်စိဝေဒနာရှင်ပေါင်း (၃၀၀) ကျော်ကို အခမဲ့ ဆေးကုသမှုပေး

ကေအဲန်ယူ ဖားအံခရိုင် ဦးဆောင်မှုဖြင့် မျက်စိဝေဒနာရှင်ပေါင်း (၃၀၀) ကျော်ကို အခမဲ့ ဆေးကုသမှုပေး

509
Photo-KIC

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇) ဖားအံခရိုင်မှတာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ဖားအံခရိုင်တစ်နေရာတွင် မျက်စိဝေဒနာရှင်ပေါင်း (၃၆၄) ဦးကို အခမဲ့ ဆေးကုသမှုပေးခဲ့ကြောင်း တာဝန်ခံဆရာဝန်ထံမှ သိရသည်။

ဖားအံခရိုင် တစ်နေရာတွင် ယခု ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခမဲ့မျက်စိကုသမှုကို ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့မှစ၍ ပြုလုပ်ခဲ့ရာ ဇွန်လ (၂၆)ရက်နေ့အထိ ရပ်နီးရပ်ဝေးမှ မျက်စိလာရောက်ပြသသူ စုစုပေါင်း(၃၆၄)ဦး ရှိခဲ့သည်ဟု ဦးဆောင်ကုသမှုပေးလျက်ရှိသော ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဗဟိုဆေးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာစောနေဆဲက ပြောသည်။

၎င်းက “လာရောက်ပြသတဲ့လူနာဦးရေစာရင်းကို ပြန်ကြည့်တဲ့အခါ လူနာဦးရေ က ၃၆၄ ယောက်၊ အဲဒီထဲမှာ မျက်စိခွဲမယ့်သူက ၁၉၆ ယောက်ရှိတယ်။ တခြားလူနာတွေကျတော့ စာကြည့်မျက်မှန်ဖြစ်ဖြစ်၊ အဝေးကြည့် မျက်မှန်ဖြစ်ဖြစ်ပေးတယ်။ ၂၀၂၄ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဒီမှာလာလုပ်တာ၊ ကုသမှုခံရတဲ့ လူနာတွေကို ကျနော်တို့ ခွဲစိတ်ကုသပေးလိုက်တယ်။ သူတို့ မျက်စိပြန်မြင်လာတယ်။ ဝမ်းသာကြတယ်။ အများကြီးအကျိုးရှိသွားတယ်။ ကုသမှုခံယူပြီး မျက်လုံးပြန်မြင်လာတာပေါ့။” ဟု ဒေါက်တာ‌စောနေဆဲက ကေအိုင်စီသို့ ပြောသည်။

ငွေရေးကြေးရေးအခက်အခဲအပြင် အခြေအနေအရပ်ရပ်ကြောင့် မျက်စိဝေဒနာရှင်များ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် ပြည်တွင်းနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်၍ မျက်စိကုသမှုနှင့်ခွဲစိတ်မှုခံယူရန် အခက်အခဲရှိသည့်အပေါ်တွင် ယခုလို နည်းလမ်းကြိုးပမ်းရှာဖွေပြီး အခမဲ့ကုသမှုပေးရခြင်း‌ဖြစ်သည်ဟုလည်း ‌ဒေါက်တာ စောနေဆဲက ၎င်းတို့ရည်ရွယ်ချက်ကို ဖြည့်စွက်ပြောသည်။

ထို့အတူ KNU ဖားအံခရိုင်အတွင်း အခမဲ့မျက်စိကုသပေးရေး အစီအစဉ်သို့ ခရိုင်အတွင်းရှိ ဖားအံ၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်တို့မှ မျက်စိဝေဒနာရှင်ပြည်သူများသာမက တပ်မဟာ(၁) သထုံခရိုင်အ‌တွင်းရှိ ပြည်သူများနှင့် ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်စခန်းများမှ ပြည်သူများလည်း ကုသမှုခံယူရန် လာရောက်ကြကြောင်း သိရသည်။

Photo-KIC

ပိုင်ကျုံမြို့နယ် တာကရယ်ကျေးရွာနေ လူနာရှင် အမျိုးသမီးတစ်ဦးက “ဒီကိုလာတာက ကျမရဲ့ ယောက္ခမ မျက်စိလာခွဲတာပေါ့နော်။ အခုဆို သူ့မျက်စိ ကောင်းကောင်း ပြန်မြင်လာပြီး လူတွေကို ပြန်တွေ့ရလို့ သူလည်းအရမ်းကို ပျော်နေရှာတယ်။ ဒီမှာလာကုတာ အရမ်းကို သက်သာ အဆင်ပြေတယ်။ ထမင်းလည်း ဝယ်စားစရာ မလိုဘူး။ အရမ်းကို ကျေးဇူးတင်တယ်။ ဒီမှာလာ ကုသနိုင်တယ်ဆိုတာ သိထားတော့ နောက်အခါ သူများတွေကို ပြန်ပြီးတော့ ဝေမျှပေးမယ်၊ သူတို့ လာမယ်ဆိုရင်လည်း လာကူမယ်” ဟု ၎င်းက ပြောသည်။

ခွဲစိတ်မှုခံယူပြီးသူများ၏ မျက်စိအခြေအနေ စောင့်ကြည့်နေသည့်ကာလ အတွင်းတွင်လည်း ဆေးပေးခန်း‌နေရာတဝိုက် လူနာနှင့်လူနာစောင့်များ ယာယီနေထိုင်ရန် လူနေဆောင်များ ထားရှိသည့်အပြင် အခကြေးမဲ့ စားသောက်‌နေထိုင်ရန်ပါ တာဝန်ရှိသူများက စီစဉ်ပေးထားခြင်းကြောင့် ငွေကုန်ကြေးကျမများ‌ဘဲ အဆင်ပြေပြေဖြင့် ကုသမှုခံယူနိုင်ကြောင်း မျက်စိကုသမှု လာရောက်ခံယူသူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းနှင့် အောက်တိုဘာလပိုင်းတို့ကလည်း ကရင်လက် နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီ (UCKAG)၏ အစီအစဉ်ဖြင့် ခရိုင်တာဝန်ရှိသူများ ဦးဆောင်၍ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်အတွင်း ဒေါက်တာ စောနေဆဲနှင့်ကျန်းမာရေးဝန်ထမ်းများမှ မျက်စိ အခမဲ့ကုသမှု ပြုလုပ်ပေးခဲ့ရာ စုစုပေါင်း လူနာဦးရေ (၁,၅၀၀) ကျော်ကို ကုသမှုပေးနိုင်ခဲ့သည်။