အမြော်အမြင်ရှိရှိ စဉ်းစားပြီး လက်တွေ့လုပ်ဆောင်မှုနဲ့ အဖြေပေးကြပါစို့
မောင်ကျော်စွာ
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်)
မင်းအောင်လှိုင်ဦးစီးတဲ့ (စကစ)စစ်အုပ်စုက တိုင်းပြည်နဲ့လူမျိုးပေါင်းစုံ ပြည်သူများအပေါ် တစ်နေ့ တစ်မျိုး မရိုးရအောင် အကြမ်းဖက် ဖိနှိပ်သွေးစုတ်မှုများ၊ သွေးခွဲရန်တိုက်မှုများကို ဖန်တီးလုပ်ဆောင်မြဲ လုပ်ဆောင်လျက်ရှိနေပါတယ်။
အခု မေလအတွင်း ပေးလာတဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခု ဖိနှိပ်မှုတစ်ခုကတော့ ကုန်ဈေးနှုန်းတွေ အဆ မတန် တိုးတက်လာတာပါပဲ။ စစ်အုပ်စုအဆက်ဆက်ပုံစံမျိုးစုံနဲ့ အုပ်စိုးကြတဲ့ ဘယ်ခေတ်ကာလမှာမဆို မရပ် မနား တိုးတက်လာတာဆိုလို့ ကုန်ဈေးနှုန်းနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေပဲ ရှိတယ်လို့ပြောရမှာပါပဲ။ ဒါတွေဟာ အင်မတန်မှ မြင်သာတဲ့ အချက်တွေပါပဲ။ နောက်ထပ်မြင်သာတဲ့ အချက် ၃ခုကတော့ စစ်အုပ်စုထိပ်သီးတွေ ပါးစပ်ကနေ မစားရ ဝခမန်း ကြွားလုံးထုတ်မှုတွေ၊ စစ်အုပ်စုထိပ်သီး စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့မိသားစု တွေ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာလာနဲ့ စစ်အုပ်စုထိပ်သီးတွေအကြားက စားခွက်လုမှုတွေ အကြောင်းပြုပြီး ပေါ်လာတတ်တဲ့ ဖြုတ်ကြ ထုတ်ကြကိစ္စတွေပဲဖြစ်ပါတယ်။
ဒါ့အပြင် ဆက်နွယ်ပြီးမြင်လာရတဲ့ အကြောင်းအချက်သစ်တစ်ခုကတော့ “တော်လှန်ရေး”လို့ အမည် တပ်ထားတဲ့ လူမျိုးစု အဖွဲ့အစည်းတွေထဲက ထိပ်သီးတချို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေပါပဲ။ သူတို့ရဲ့ချမ်းသာ ကြွယ်ဝမှုကလည်း သူတို့စွဲကိုင်ထားတဲ့ သက်ဆိုင်ရာ “အမျိုးသားတော်လှန်ရေး” ဆိုတာထဲက အဆင့်နေရာ ရယ်၊ အုပ်စိုးသူ စစ်အုပ်စုနဲ့ ယာယီစေ့စပ် ပြေငြိမ်းထားနိုင်မှုဆိုတဲ့ အကြောင်းအချက် ဖန်တီးပေးမှုအောက်မှာ သူတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝမှု အတိုင်းအတာတွေကို အများပြည်သူက ကြားသိလာကြရတာတွေပါ။
ဒီအကြောင်းအချက်သစ်ဟာ ၁၉၈၈ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကြီးနဲ့ လက်နက်ကိုင်တော်လှန်မှုကို မပေါင်းစပ်မိစေဖို့ (နဝတ-နအဖ)စစ်အုပ်စုက တစ်ပွဲထိုး တစ်နပ်စားဉာဏ်နဲ့ ဖန်တီးပေးလိုက်တဲ့ အကြောင်း အချက်တစ်ခုပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ကြတဲ့ လူမျိုးစုအဖွဲ့တွေကို “စိုးမိုးရာ နယ်မြေ၊ တပ်နဲ့သေနတ်ကို ဆက်လက်ကိုင်ခွင့်ပေးထားပြီး” မိမိစိုးမိုးထားရာနယ်မြေဒေသမှာသာမက ရန်ကုန်လို၊ မန္တလေး၊ လားရှိုးလို၊ တောင်ကြီးလို မြို့ကြီးတွေပေါ်ထိ တက်လာပြီး ကုမ္ပဏီတွေထောင် “စီးပွား ရေး” လုပ်ကြတဲ့ အနေအထားအထိ ဖြစ်ခဲ့တာပါ။
(နဝတ-နအဖ)စစ်အုပ်စုဟာ တစ်ဖက်မှာ လူမျိုးစုလက်နက်ကိုင်အင်အားစုတွေကို အဲဒီလို စီးပွားရေး မက်လုံးတစ်ချို့ ခွဲဝေပေးပြီး အချိုသပ်ထားတဲ့အောက်မှာ NLD အပါအဝင် မြို့ပေါ်ရှိ နိုင်ငံရေးပါတီတွေ၊ ဒီမို ကရေစီ အင်အားစုတွေနဲ့ ထိုစဉ်က အင်မတန် အရှိန်အဟုန်ကြီးမားခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော်တို့ လို တစ်ပြည်လုံး လက္ခဏာဆောင်တဲ့ အင်အားစုတွေကို နည်းမျိုးစုံနဲ့ ချေမှုန်းခဲ့တာပါ။
ဒီနေ့ကာလမှာလည်း ဒီမရိုးနိုင်တဲ့နည်းလမ်းကို မင်းအောင်လှိုင်ဦးစီတဲ့ (စကစ)စစ်အုပ်စုက ဆက် လက် ကျင့်သုံးနေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ (CRPH – NUG – PDF) တို့ကို နည်းမျိုးစုံနဲ့ အဓိက ဦးတည် တိုက်နေပြီး အခြားတစ်ဖက်မှာတော့ “လူမျိုးစုတိုင်း” လိုလိုကို စေ့စပ်ဆွေးနွေးရေးဆိုတာနဲ့ အချိုသပ် ချော့မြှူနေပါတယ်။
ဒီအချက်ဟာ ဒီနေ့ကာလ “နွေဦးတော်လှန်ရေး”ရဲ့ ပင်မစိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ ဒီနေ့ တစ်ပြည်လုံး အတိုင်းအတာ လက္ခဏာဆောင်တဲ့ ပုန်ကန်ထကြွမှုကို ဦးဆောင်နေတဲ့ (CRPH – NUG – PDF)တွေဟာ လူမျိုးစုတိုင်းလိုလိုနဲ့ လက်တွဲကြရတာဟာ မြန်မာပြည် လက်နက်ကိုင်ပုန်ကန်မှုရဲ့ ပကတိရုပ်ဘဝ အခြေခံ ပါပဲ။
ဒီလိုပကတိအခြေနေမျိုးဟာ ၁၉၄၈ခုနှစ်က ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲ ခဲ့ကြရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလည်း ရင်ဆိုင်ခဲ့ရတာပါပဲ။ အဲဒီကာလမှာတော့ ၁၉၄၉ ကရင်တော်လှန် ရေး၊ ရဲဘော်ဖြူ၊ တော်လှန်သောဗမာ့တပ်မတော် စတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေဟာ အတိုင်းအတာ တစ်ခုအထိ အပြန်အလှန် ပေါင်းစပ်နိုင်ကြပြီး “ရန်ကုန်အစိုးရ” ဘဝရောက်သည်အထိ အုပ်စိုးသူဖဆပလကို ခြိမ်းခြောက်နိုင်ခဲ့ကြပါတယ်။
အဲဒီလိုပကတိရုပ်ဘဝက ပြဋ္ဌာန်းပေးတဲ့ အခြေအနေအောက်မှာ ဘုံရန်သူ (ထိုစဉ်က ဖဆပလ အုပ်စိုး သူ)ကို အပြတ်အသတ် မတွန်းလှန်နိုင်ဘဲ၊ အချင်းချင်း အပြန်အလှန်နားလည်မှု မရယူနိုင်ခဲ့တာတွေကြောင့် အောင်ပွဲနဲ့ လက်တစ်ကမ်းအလိုကနေ အဆုတ်ကြီး ဆုတ်ခွာပေးခဲ့ကြရပါတော့တယ်။
ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ (တော်လှန်ရေးကောင်စီ/မဆလ)ကို ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ဦးစီးတဲ့ အင်အားစုက လက်နက်ကိုင် ပုန်ကန်ကြစဉ် ၇၀စုလွန်နှစ်များဆီကလည်း ထိုသို့သော အနေအထားမျိုးကို ပြန်လည်ရရှိကြဖူးတာပါပဲ။ သို့သော်လည်း နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မစည်းလုံးနိုင် ကြဘဲ နောက်ပိုင်းမှာ အားလုံးဟာ အကွဲကွဲအပြဲပြဲနဲ့ တော်လှန်ရေးရေစုန် မျောသွားခဲ့ရတယ် မဟုတ်ပါလား။
၁၉၈၈ ခုနှစ်မှာလည်း အဲဒီလို မြို့ပြအုံကြွမှုနဲ့ လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်နိုင်မယ့် အလား အလာကို နောက်ထပ်တစ်ခါ ရရှိခဲ့ပြန်ပါသော်လည်း တော်လှန်ရေးအင်အားစုများဘက်က လက်ဦးမှုမဲ့ခဲ့ကြ ပြန်ပါတယ်။ (မဆလ)နဲ့ ၁၉၇၄ အခြေခံဥပဒေကို တိုက်ဖျက်နိုင်ခဲ့ကြပေမယ့် (နဝတ-နအဖ) စစ်အုပ်စုအသွင် နဲ့ ပွဲထွက်လာတဲ့ စစ်အုပ်စုကို ရင်ဆိုင်ရာမှာတော့ အထက်မှာတင်ပြခဲ့သလို အလဲလဲအကွဲကွဲ ဖြစ်ခဲ့ကြရပြန် ပါတယ်။
အခုတစ်ခါ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလကနေ စတင်လို့ အထက်မှာတင်ပြခဲ့တဲ့ တော်လှန်ရေးအောင်ပွဲခံ နိုင်ဖို့ အလားအလာ (၁၉၄၈ -၄၉ ခုနှစ်/ ၁၉၇၀ စုလွန်နှစ်များ / ၁၉၈၈ ခုနှစ်)တွေထက် အတိုင်းအတာနဲ့ အရှိန်အဟုန်အားဖြင့် ပိုမိုကျယ်ပြန့်ပြင်းထန်တဲ့ အခြေအနေမျိုကို ဒီနေ့ မျိုးဆက်သစ်တွေ ကြုံတွေ့နေကြရပါ ပြန်ပြီ။
(စကစ)စစ်အုပ်စုကလည်း ရှေ့က စစ်အုပ်စုအဆက်ဆက်ရဲ့ နည်းနာအတိုင်း လူမျိုးစုအင်အားစုတွေနဲ့ တစ်ပြည်လုံးလက္ခဏာဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေအကြားကို နည်းမျိုးစုံနဲ့အဆက်မပြတ် သွေးခွဲ ရန်တိုက်ပေးတဲ့ပေါ်လစီကိုပဲ ထပ်မံ ကျင့်သုံးနေဆဲဖြစ်ပါတယ်။
(စကစ)စစ်အုပ်စုက ကျင့်သုံးနေတဲ့ ဒီနည်းနာဟာ ဟောင်းနွမ်းနေပြီဆိုပေမယ့် တချို့နေရာတွေမှာ ထိထိရောက်ရောက် အလုပ်ဖြစ်နေဆဲဖြစ်တယ်လို့ပြောရင် အပြောလွန်ရာကျမယ် မထင်ပါဘူး။
ဒီနေ့ နွေဦးတော်လှန်ရေး အောင်ပွဲရ/မရ – တော်လှန်ရေးအချိန်ကာလ အတိုင်းအတာရှည်ခြင်း/ တိုခြင်း ဆိုတဲ့အဖြေကို ပေးနိုင်ဖို့ဆိုရင် ဒီနေ့ တစ်ပြည်လုံး အတိုင်းအတာ လက္ခဏာဆောင်တဲ့ ပုန်ကန်ထကြွ မှုကို ဦးဆောင်နေတဲ့ (CRPH – NUG – PDF)နဲ့ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေအကြား မှာ အပြန်အလှန် သွေးစည်းညီညွတ်မှု ဘယ်လိုအတိုင်းအတာနဲ့ရရှိနိုင်သလဲ – ဘယ်လောက်မှန်မှန်နဲ့ မြန်မြန် ပေါင်းစပ်နိုင်ကြသလဲ ဆိုတဲ့ အတိုင်းအတာအပေါ်မှာ လုံးဝ မှီတည်နေပါတယ်။
ဘုံရန်သူဆိုတဲ့ မင်းအောင်လှိုင် ဦးစီးတဲ့ (စကစ)စစ်အုပ်စုကတော့ သူ့ရဲ့ထွက်ရပ်လမ်းဟာ (CRPH – NUG – PDF)ဆိုတဲ့ တစ်ပြည်လုံးလက္ခဏာဆောင်တဲ့ အင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအကြားမှာ ရန်တိုက်သွေးခွဲပြီး အပိုင်းပိုင်းခွဲစိတ် ချေမှုန်းရေးပဲဖြစ်တယ်ဆိုတာကို စစ်အုပ်စု အဆက်ဆက်ရဲ့ သမိုင်းဖြတ်သန်းမှု အတွေ့အကြုံအရရော၊ လက်တွေ့အရပါ ကောင်းစွာသဘောပေါက်ပြီး အပီအပြင် ကျင့်သုံးတယ် မဟုတ်ပါလား။
အထက်မှာတင်ပြခဲ့တဲ့ တော်လှန်ရေးအောင်ပွဲခံနိုင်ဖို့ အလားအလာ (၁၉၄၈ – ၄၉ ခုနှစ်/ ၁၉၇၀ စုလွန်နှစ်များ /၁၉၈၈ခုနှစ်)တွေကို တချိန်က လက်လွတ်ခဲ့ရသလို ဒီနေ့ကာလမှာလည်း လက်လွတ်ခံကြအုံး မလား ဆိုတဲ့မေးခွန်းကိုကတော့ လေတစ်လုံး မိုးတစ်လုံး စကားလုံးတွေနဲ့ ပါးစပ်ကနေ အဖြေပေးလို့ရနိုင်မှာ မဟုတ်ဘဲ ဒီနေ့တော်လှန်ရေးအင်အားစုအားလုံးက အမြော်အမြင်ရှိရှိနဲ့ စဉ်းစားပြီး လက်တွေ့ကျကျလုပ် ဆောင်မှုနဲ့ပဲ အဖြေပေးကြရမယ့်ကိစ္စဖြစ်တယ်လို့ သုံးသပ်မိပါတယ်။