ဇွန်လ ၁၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်ရှိ လယ်ယာနှင့် ကိုင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သည့်ကျေးရွာအချို့တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးစပါးများ ရေမြှုပ်၍ ရွှေခရုနှင့် ကြွက်များ စားသောက်ဖျက်ဆီးခံရပြီး ယခုနှစ်တွင် မိုးစပါးများ မဖြစ်ထွန်းကြကြောင်း စပါးစိုက်တောင်သူများက ပြောသည်။
ယခုနှစ်အတွင်း မုတ်သုန်မိုး စတင်ရွာသွန်းချိန်နောက်ကျပြီး မုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းရာမှ စပါးခင်းနေရာများ ရေဝပ်ကာ မျိုးစေ့ကြဲစိုက်ထားသည့် စပါးပင်များ ရေမြှုပ်သလို ကုန်းပိုင်းတွင် နောက်ကျစိုက်ရသည့် စပါးမျိုးစေ့မှာလည်း ကြွက်များ စားသောက် ဖျက်ဆီးလိုက်ခြင်းကြောင့် ယခုလို စပါးပင်များ မဖြစ်ထွန်းကြခြင်းဖြစ်ကြောင်း ကျုံတိုင်း ကလေးကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက ယခုလိုပြောသည်။
“နှစ်တိုင်းက မိုးရွာပြီး နေပြန်ပူရင် စိုက်ပျိုးတာမျိုးလုပ်ကြတာ။ အခုက မိုးလည်းနောက်ကျရွာတယ်။ မုန် တိုင်းပါ ဆက်သွားတော့ မိုးက ဆက်တိုက်ရွာပြီး အနိမ့်ဝန်းမှာက ရေမြှုပ်ပြီး ရွှေခရုတွေစားကုန်ရော။ ကုန်းပိုင်း စိုက်ထားတဲ့သူဆိုရင်လည်း စပါးမျိုးစေ့တွေကို ကြွက်ဖလောင်းလေးတွေစားကုန်ရော။ ဒီနှစ် တော်တော်များများ ထိကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ရာသီဥတုဖောက်လွဲ၍ မိုးကြီးရေလျှံပြီး ကြွက်နှင့် ရွှေခရုများ စားသောက်ဖျက်ဆီးခြင်းကြောင့် စပါးပင်နှင့် စပါးမျိုးစေ့များ လယ်မြေဧကမြောက်များစွာပျက်စီးဆုံးရှုံးသွားကာ ပြန်လည်စိုက်ပျိုးကြသူ အချို့ရှိသလို အချို့ မှာ စိုက်ပျိုးရေး စရိတ်ကြီးမြင့်မှုကြောင့် ရပ်နားလိုက်သူများလည်းရှိကြောင်း အဆိုပါ လယ်သမားက ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ်က စပါးစိုက်ပျိုးမှု ဖြစ်ထွန်းကြသော်လည်း ယခုနှစ်တွင် မိုးဆက်တိုက်ရွာသွန်းကာ လယ် ကွင်းပြင် မိုးရေလွမ်းသောကြောင့် ကြွက်များကုန်မြင့်ပိုင်းတက်လာ၍ နောက်ကျ စိုက်ပျိုးသည့် စပါးမျိုး စေ့ပင်များကို စားသောက်ကြသလို ရေမြှုပ်သွားသည့်အပင်များမှာလည်း ရွှေခရုများက ကိုက်ဖြတ် ခံလိုက်ရခြင်းဖြစ်သည်။
အဆိုပါ ဒေသတွင် လယ်ယာစပါးနှင့် ကိုင်းငရုတ်ကို အဓိက လုပ်ကိုင်စားသောက်ကြပြီး လယ်ယာ စပါးကို အဓိကလုပ်ကိုင်သူများအနေဖြင့် ထိခိုက်မှုမရှိသော်လည်း လယ်နှင့် ကိုင်းကို နှစ်သီး စားတွဲလုပ်သူများသာ အဓိက ထိခိုက်ဆုံးရှုံးကြရကြောင်းလည်း ဒေသခံများက ဆိုသည်။
စပါး ၃ ဧကခန့် ပျက်စီးသွားသည့် လယ်သမားတစ်ဦးက “သီးသန့် လယ်စပါးပဲ စိုက်တဲ့သူတွေကြတော့ ဘားမှ ပြဿနာမရှိဘူး။ ကျနော်တို့ကျတော့ ကိုင်းလုပ်တဲ့ နေရာမှာ ကြဲပြီးလုပ်ကြတော့ အခုလို ထိတာ ပေါ့။ အရင်ဆုံး မိုးမကျခင်က မြေကို ထွန်စိုက်ထားတဲ့ သူတွေကတော့ ဘာမှ မဖြစ်ဘူး။ အခုက တကယ် လို့ ပျိုးပင်ကို စိုက်ပြီး ပြန်လုပ်မယ်ဆိုရင်လည်းရသေးတယ်။ ဒါပေမဲ့ ပင်ပန်းပြီး ထပ်ကုန်ကျမယ်ဆိုတော့ မလုပ်ချင်တော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်နှစ်က ကုမ္ပဏီကချပေးသည့် မျိုးစေ့ စိုက်ပျိုးထွန်ယက်သူများနှင့် သမာရိုးကျ မျိုးစေ့ စိုက်ပျိုး သူများ အားလုံး စပါးအထွက်နှုန်းကောင်းကြပြီး ကုမ္ပဏီက ထုတ်ပေးသည့် မျိုးစေ့မှာ စပါးရည်ပိုသန့် သောကြောင့် သမာရိုးကျ စိုက်ပျိုးသူများထက် စျေးပိုရကြောင်းလည်း ဒေသခံ လယ်သမားများထံမှသိရသည်။