ဇွန်လ ၁၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း−မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရှိ စစ်ရှောင်ကူညီရေးနှင့် တော်လှန်ရေးထောက်ပို့လုပ်ငန်းများ လုပ်ဆောင်နေသည့် နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးကို ဇွန်လ ၁၀ ရက်၊ မန်နေ့ ညနေ ပိုင်းတွင် ထိုင်းဒေသအာဏာပိုင်များနှင့် ကျေးရွာတာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ကြောင်း မဲဆောက် အခြေစိုက် မြန်မာအလုပ် သမားအရေးကူညီဆောင်ရွက်သူများထံမှ သိရသည်။
အဆိုပါ တော်လှန်ရေးထောက်ပို့ရုံးသည် စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသည့်အပြင် ထောက်ပို့ပိုင်း ဆိုင်ရာလုပ်ငန်းများကိုလည်း ပေါ်ပေါ်ထင်ထင် ပြုလုပ်နေသည့်အတွက်ကြောင့် ထိုင်းရဲ၊ စစ်တပ် နှင့် ကျေးရွာသူကြီးစသည့် တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရသူများမရှိကြောင်း မြန်မာ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
၎င်းက “မယ်ကုအလုပ်သမားတွေ ဦးစီးပြီးလုပ်နေတဲ့ ထောက်ပို့လို့ပြောတယ်။ ပထမတုန်းက လက်ခံထားတဲ့ အိမ်ရှင်ရော၊ ရပ်ကွက်ထဲက လုပ်ဖော်ကိုင်ဖက်တွေကလည်း တားတယ်။ စစ်ရှောင်ကူညီတာမဟုတ်တော့ဘဲ ထောက်ပို့အထိ ပေါ်ပေါ်တင်တင်ဖြစ်လာတယ်။ ဒီမှာက ထောက်ပို့တွေကို ဒေသအာဏာပိုင်တွေက ခွင့်ပြု ထားတာမရှိဘူး။ စစ်ရှောင် ဆိုရင်တော့အဆင်ပြေတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ရုံးကို ဝင်ရောက်စစ်ဆေးချိန်တွင် ပါဝင်ပတ်သက်သူအားလုံးမှာ အထောက်အထား စာရွက်စာတမ်းများ ရှိသောကြောင့် အာဏာပိုင်များက ဖမ်းဆီးမှုမပြုသော်လည်း ရုံးခန်းအတွင်းရှိ သမ္မတ ဦးဝင်းမြင့်၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အလံအပါအဝင် အဖွဲ့အလံများကို ဖြုတ်သိမ်းသွားပြီး ၎င်းနေအိမ်တွင် နေထိုင်ခွင့်မပေးတော့ကြောင်း ထိုအလုပ်သမားကူညီဆောင်ရွက်ပေးသူက ဆက်ပြောသည်။
စစ်ကောင်စီဘက်က သတင်းပေးတိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်များက အဆိုပါရုံးခန်းကို ဝင်ရောက် စစ်ဆေး ခြင်းဖြစ်ကြောင်း နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံး၏ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာမှ ရုပ်သံဖိုင်နှင့်တကွ လွှင့်တင်ဖော်ပြခဲ့ပြီး အဆိုပါ ရုပ်သံဖိုင်ထဲတွင်လည်း ထောက်ပို့တာဝန်ခံဆိုသူကို ထိုင်းတာဝန်ရှိသူများထဲမှတစ်ဦးက ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည့် ရုပ်သံဖိုင်လည်း ပါဝင်သည်။
ထို့အပြင် ထိုင်းအာဏာပိုင်များနှင့် တာဝန်ရှိသူများသည် ယခုလပိုင်းအတွင်း မဲ့ကိုကင်း၊ TK ကြီးစက်ရုံစသည့် မြန်မာပြည်သား အများဆုံးနေထိုင်သည့် စျေးပတ်ဝန်းကျင်များတွင် တစ်ပတ်တစ်ခါ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။
အလားတူ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကိုင်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိ သူများ ထံတွင် ဧည့်စာရင်းသဘောမျိုးတိုင်ကြားသွားရမည့်ဟူသည့် သတင်းများလည်းထွက်ပေါ်နေပြီး အဆိုပါ သတင်း များကြောင့် အထောက်အထားစာရွက်စာတမ်းမရှိသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား စိုးရိမ်မှုများ ဖြစ်ပေါ် နေကြောင်းလည်း သိရသည်။