ဇွန်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ အကျဉ်း ထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဥ်းသူများ ထောင်တွင်းလူ့အခွင့်အရေးချိုး ဖောက်ခံနေရမှု ပိုမိုဆိုးရွားစွာ ကြုံတွေ့လာရကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ( WPP) ထံမှသိရသည်။
အထူးသဖြင့် အင်းစိန်၊ ကျိုက်မရော၊ ဒိုက်ဦး နှင့် သာယာဝတီ မြို့ရှိ အကျဥ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် ထောင်ဒဏ်ကျခံနေရသော အမျိုးသမီးများသည် သာမန်အကျဥ်းချခံရသူများထက် ထောင်အာဏာပိုင်များ၏ ခွဲခြားဆက်ဆံခံနေရပြီး အကျဥ်းသားအခွင့်အရေး အပြည့်အဝမရရှိကြကြောင်း နိုင်ငံရေးအကျဥ်း သူဟောင်းများ ဖြင့်ဖွဲ့စည်းထားသည့် WPP က ဆိုသည်။
အဖွဲ့တာဝန်ရှိသူ မဇူးဇူးမေယွန်းက ”အခြားအမှုနဲ့ ထောင်ကျတဲ့သူတွေထက်စာရင် ကျမတို့ (နိုင်ငံရေး အကျဥ်း သူတွေ)ကို ဖိနှိပ်ချုပ်ခြယ်တယ်။ အခြားအမှုကျသူတွေနဲ့ ရန်တိုက်ပေးတယ်။ ဆူပူမှုမဖြစ် ဖြစ်အောင်လုပ်တယ်။ အဓိကရုဏ်းဖြစ်လာပြီးဆို ထောင်အာဏာပိုင်ယောင်္ကျားသားတွေက ကျမတို့ကိုပဲ ဝင်လုံးတာမျိုး။ ဒဏ်ရာရပြီး ဆိုရင်လည်း ဆေးကုသခွင့်မပေးဘဲ ရှာဖွေရေးလုပ်ရင်တောင် သူများထက်စာရင် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေတာ မျိုးနဲ့ ကာယအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်ကြတယ်။“ ဟု ကေအိုင်စီသို့ ပြောသည်။
တာဝန်ရှိအကျဥ်းထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဥ်းသူများအား အင်အားသုံး ရိုက်နှက်ခြင်းအပြင် လိင်ပိုင်း ဆိုင်ရာ ထိခိုက်ပြောဆိုခြင်း နှင့် အရေးပေါ်ဆေးကုသမှု နှင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိခဲ့ခြင်း တို့ကြောင့် အရေပြားရောဂါများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပါ တွေ့ကြုံခံစားနေရသည်ဟုလည်း ထောင်တွင်းနီးစပ်သူများက ပြောသည်။
“ထောင်ထဲမှာ လစဥ်သုံးပစ္စည်းတွေဆိုလည်း လုံလောက်မှုမရှိ။ အဝတ်အစားဆိုလည်း နှစ်စုံသုံးစုံပဲယူခွင့်ပေး တယ်။ တစ်နှစ်လုံးမှာမှ လေးစုံ ငါးစုံလောက်နဲ့ပဲ ရှင်သန်ခဲ့ရတာရှိတယ်။ ဒီလိုမိုးတွင်းကာလမှာ အစား အသောက် ထဲ ယင်ကောင်တွေပါလာတာ အသားဟင်းတွေက ကောင်းကောင်းမကျက်တာတွေလည်းတွေ့ကြုံခဲ့ရတယ်။ ဆေးဝါးဆိုလည်း ထောင်ထဲမှာ ဘာပဲလာလာ ပါရာစီတမောပေးတယ်ဆိုတာမျိုးပေါ့။ ဒိတ်လွန်တဲ့ ဆေးတွေ သောက်ခိုင်းတယ်” ဟု မဇူးဇူးမေယွန်းက ဖြည့်စွက်ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မေလပိုင်းမှစ၍ စစ်ကောင်စီက အကျဥ်းသူ၊အကျဥ်းသား၏ မိသားစုဝင်မဟုတ်သူများကို ထောင်ဝင်ပါဆယ်ပေးခွင့်မပြုကြောင်း ကန့်သတ်လိုက်သဖြင့် နိုင်ငံရေးအကျဥ်းသူ အကျဥ်းသားများအတွက် အကူအညီပေးနေသည့် လူမှုအဖွဲ့အစည်းများအပေါ် ရိုက်ခတ်မှုဖြစ်ပွားခဲ့သေးသည်။
ယခုလို ကန့်သတ်ချက်များအကြား WPP အနေဖြင့် အာဏာသိမ်းမှုဖြစ်စဥ်နှင့်စပ်လျဥ်း၍ ထောင်ဒဏ်ကျခံနေ ရသူ အမျိုးသမီးများအား ဆေးဝါးနှင့် အစားအသောက်လိုအပ်ချက်အပြင် ၎င်းတို့မိသားစုဝင်များအတွက် ကျန်း မာရေး စောင့်ရှောက်မှုပေးရာတွင် ထောက်ပံ့ကူညီပေးနေသည့် လူမှုအဖွဲ့အစည်းများအနက် တစ်ဖွဲ့အပါအဝင် လည်းဖြစ်သည်။
နိုင်ငံရေးအမှုဖြင့် ထောင်ဒဏ်ကျခံနေရသူများအားလုံး ပြန်လည်လွတ်မြောက်ရန်၊ ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကို စောင့်ရှောက်နိုင်ရန်၊ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသူ မိခင်နှင့် ရင်သွေး များအတွက် လိုအပ်ချက်ကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် WPP ကို ယခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။
အလားတူ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံအနှံ့ရှိ အကျဥ်းထောင်များတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှု နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဥ်းသူ အမျိုးသမီး စုစုပေါင်း (၅,၅၀၀) ကျော် ရှိကြောင်းသိရသည်။