ဇွန်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာသစ်ထဲသို့ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်၍ နယ်မြေခံတော်လှန်ရေးတပ်များနှင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရာဖူးကျေးရွာမှ ဒေသခံ များ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့မှ စတင်ပြီး ရာဖူးရွာသစ်ကျေးရွာအနီးသို့ တပ်အင်အား(၂၀၀) ဝန်းကျင်ရှိ စစ် ကောင်စီတပ်ဖွဲ့ဝင်များ နှင့် လမ်းပိုင်းလုံခြုံရေးကို ဆောင်ရွက်နေသည့် တော်လှန်ရေးအင်အားစု ပူးပေါင်း တပ်များကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ကျေးရွာရှိဒေသခံ (၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရာဖူးဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ဇွန်လ(၇)ရက်နေ့က ရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ကြတယ်။ ပြီးတော့ ဒီဘက်က စစ်ကောင်စီမောရဝတီရေတပ်ကနေလည်း လက် နက်ကြီးတွေ ဆက်တိုက်ပစ်နေတော့ အခုလက်ရှိ အခြေအနေအထိ စစ်ဘေးရှောင်နေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
တစ်နာရီနီးပါးကြာမြင့်သည့် အဆိုပါ နှစ်ဖက်တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှအရာရှိ တစ်ဦး အပါအဝင် (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများ ကို ကလိန်အောင်မြို့သို့ သယ်ဆောင်သွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF )၏ ပြော ရေးဆိုခွင့်ရှိသူ နိုင်နဂါးက အတည်ပြုပြောသည်။
“ပြီးခဲ့တဲ့ သောကြာနေ့ညနေပိုင်းမှာ ကျနော်တို့ မွန်ပြည်တော်လှန်ရေးတပ်-MSRF နဲ့ ဒီ ဒေါန စစ်ကြောင်း အခြား သောတပ်ပေါင်းစုတွေ အခြေချထားတဲ့နေရာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ထိုးလာ တာရှိတယ်။ အဲ့လိုသတင်းတွေအရ စောင့်ဆိုင်းပြီးတော့ ပြန်လည် ပစ်ခတ်ရင်းနှစ် ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်။”ဟု နိုင်နဂါးက ကေအိုင်စီ သို့ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ-NMSP (AD) ၊ ကော်သူးလေတပ်မတော်-KTLA နှင့် ဒရုန်းအထူးတပ်ဖွဲ့-SDDF တို့က ပူးပေါင်း ပါဝင်ခဲ့ပြီး မဟာမိတ် ပူးပေါင်းစစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း တပ်ဖွဲ့ဝင်များဘက်က ဆိုသည်။
လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားလျက်ရှိသည့် ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အရပ်သား အိမ်စီးကားများ နှင့် ကျောက်သယ်ကားများဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေ၍ ထိုလမ်း ပိုင်းအား ဇွန်လ (၉)ရက်နေ့မှ စတင်ကာ အရေးတကြီးမလိုအပ်ပါက လုံးဝအသုံးမပြုကြရန်ကိုပါ MSRF က သတိပေးပြောဆိုထားသည်။