ဇွန်လ ၁၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇) နယ်မြေ၊ နဘူးမြို့ နယ် ဒေါနတောင်ပေါ်ရှိ သေ့ကတေကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်လိုက်သော ဆာ့ တောနော် ကိုယ်ပိုင်အထက်တန်းကျောင်းကို နိုင်ငံတကာ အသိမှတ်ပြု တက္ကသိုလ်များ တက်ရောက်နိုင်သည့်အခွင့်အလမ်း ရရှိသည်အထိ ရည်ရွယ်ထားကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။
အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းသည် မည်သည့်အဖွဲ့အစည်း၊ အစိုးရပညာရေး စနစ်အောက်တွင် ထိန်းချုပ်ထား ခြင်းမရှိဘဲ ကိုယ်ပိုင်အထက်တန်းကျောင်းပုံစံဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့တွင် ကျောင်းဖွင့်ပွဲပြုလုပ်၍ စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
ဆာတောနော် အထက်တန်းကျောင်းသည် ကျောင်းတက်ရန်အခက်အခဲရှိသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အဓိက ရည်ရွယ်ဖွင့်လှစ်ကာ ထို အထက်တန်း ကျောင်း အောင်မြင်သွားသည့်သွားသူများအနေဖြင့် နိုင်ငံတကာ အသိမှတ်ပြု အမေရိကန် အထက်တန်းကျောင်း (GED)မှတဆင့် တက္ကသိုလ်များ တက်ရောက် ရရှိနိုင်သည်အထိ ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆာတောနော်ကျောင်း၏ တာဝန်ရှိသူ ဆရာမ နော်ဖောရေက ပြောသည်။
၎င်းက “ကျမတို့ရည်ရွယ်ထားချက်က ဒီကျောင်းပြီးရင် တက္ကသိုလ်အထိ တက်နိုင်ပြီး ဒီဂရီကောင်းကောင်း ရရှိဖို့ အတွက်လည်းပါတယ်။ ဒီကျောင်းမှာ GEDအတွက် တစ်ခုထဲလည်းမကဘူး။ နောက်ပြီး သူတို့ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တာတွေပေါ့၊ ဆာ့သူးလေကျောင်းလိုမျိုးပဲ၊ ဒီကျောင်းပြီးရင် ဒီကျောင်း အောင်လက်မှတ်ရမယ်။ ပြီးတော့ GED ဝင်ဖြေအောင်ရင် GED အထက်တန်း အောင်လက်မှတ်ရမယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် အဆိုပါ ကျောင်းပြီးမြောက်ပြီး တက္ကသိုလ်မတက်ရောက်နိုင်သူများ အနေဖြင့် လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက ဖွင့်လှစ်ပေးမည့် ဆေးသင်တန်းများ နှင့် အသက် မွေးဝမ်းကျောင်း ပညာရပ်များကိုပါ ဆက်လက် သင်ကြားနိုင်ရန် စီစဉ်ပြောဆို ထားကြောင်းလည်း ဆရာမနော်ဖောရေက ဆက်ပြောသည်။

ဆာ့တောနော်အထက်တန်းကျောင်းတွင် Grade-5 မှ Grade 9 အထိ မြန်မာစာ၊ ပထဝီ နှင့် အင်္ဂလိပ်ဘာသာကို မြန်မာပြည်သင်ရိုးညွှန်းတမ်းယူပြီး ကရင်ဘာသာရပ်၊ သင်္ချာ၊ သပ္ပံနှင့် သမိုင်းဘာသာရပ်ကို ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD သင်ရိုးညွှန်းတမ်းကိုယူ၍ သင်ကြားပို့ချပေးမည်ဖြစ်သည်။
ထို့အပြင် Grade-11 နှင့် Grade-12 ကို အမေရိကန်အသိမှတ်ပြု နိုင်ငံတကာ အထက် တန်းအဆင့်ဖြစ်သည့် General Educational Development (GED)သင်ရိုးညွှန်းတမ်းကို သင်ကြားပေးမည့်အပြင် ဆာတောနော် အထက်တန်းကျောင်းတွင် ကွန်ပျူတာ၊ ဂီတနှင့် အားကစား ပညာရပ်များကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူများက ပြောဆိုသည်။
ယခု ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၂၈၈)ဦးနှင့် ကျောင်း ဆရာ၊ ဆရာမ (၂၉) ဦးသင်ကြားပေးမည်ဖြစ်ပြီး အခမဲ့ပညာရေးစနစ်ဖြစ်ကာ ရပ်ဝေး အခြားဒေသမှ လာရောက်သင်ယူရမည့် နယ်ဝေး ကျောင်းသူ၊ ကျောင်းသားများ အတွက် လည်း ကျောင်းဘော်ဒါဆောင်ဖွင့်လှစ်ပေးထား ခြင်းရှိ ကြောင်း သိရသည်။
အဆိုပါ ဆာတောနော်ကိုယ်ပိုင်အထက်တန်းကျောင်းကို ကရင်ပြည်နယ်၊ နယ်ခြား စောင့်တပ်-BGF တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းမိသားစုမှ ကမကထပြု ထောက်ပံ့တည်ဆောက်ပေးထားခြင်းဖြစ်ကြောင်းလည်း ကျောင်းတာဝန်ရှိသူများက ပြော ဆိုသည်။



















