Home သတင်း စစ်အာဏာရှင် ချုပ်ငြိမ်းရေး ကမ်ပိန်းတောနော်တွင် ပြည်သူအားလုံးပါဝင်ရန် လိုကြောင်း KNU တိုက်တွန်း

စစ်အာဏာရှင် ချုပ်ငြိမ်းရေး ကမ်ပိန်းတောနော်တွင် ပြည်သူအားလုံးပါဝင်ရန် လိုကြောင်း KNU တိုက်တွန်း

250

ဇွန်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြည်တွင်း ကရင်ခေါင်းဆောင်များနှင့် နိုင်ငံအသီးသီးရှိ ကရင်ကိုယ်စားလှယ်များ ဦးဆောင်သော ကမ်ပိန်းတောနော်သည် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အရေးပါသဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူ အားလုံးပါဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက တိုက်တွန်းလိုက်သည်။

စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီဒေသကို ဦးတည်သော အောင်ဇေယျ အမည်ရှိ နိုင်ငံတော်အဆင့် စစ်ဆင်ရေးအတွင်း တပ်အင်အားအများအပြားသုံး၍ လက်ရှိကော့ကရိတ်နယ်မြေ ဒေါနတောင်တန်းကိုဖြတ်ကျော်ရန် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်တွင် KNLA ပူးပေါင်းတပ်များမှ အစွမ်းကုန် ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့ကြောင့် KNU တပ်မဟာ(၆)နယ်မြေကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချေမှုန်းရာတွင် ထောက်ပံ့နိုင်ရန် ဇွန်လ(၁)ရက်နေ့မှစ၍ ဇူလိုင်လ(၁၅)ရက်နေ့အထိ သတ်မှတ်ဆောင် ရွက်နေသည့် ကမ်ပိန်း တောနော်နှင့်ပတ်သက်ပြီး ကေအိုင်စီက မေးမြန်းရာတွင် KNU က ထိုသို့ပြောဆို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ပဒိုစောကလယ်စေးက “ကရင်တစ်မျိုးသားလုံးသာမက တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေလည်း ထောက်ပံ့ပါဝင်ဖို့လိုတယ်ဆိုတဲ့ စဥ်းစားချက်နဲ့ အကောင်အထည်ဖော်တဲ့လုပ်ငန်းစဥ်ဖြစ်တယ်။ မြဝတီမြို့တစ်ခုအတွက်ပဲ ကရင်တွေရဲ့လုပ်ရပ်ပဲ။ အခြားသော ငါတို့နဲ့မဆိုင်ဘူးလို့ စဥ်းစားလို့မရပါဘူး။ ဒါက တစ်နိုင်ငံလုံးရဲ့အရေးဖြစ်နေတယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အရေးပါတဲ့နေရာ ဒေသတစ်ခု၊ လုပ်ငန်းစဥ်တစ်ခုလို့ မြင်စေချင်တယ် အားလုံးကပါဝင်ဖို့လိုအပ်တယ်” ဟု ပြောသည်။

ထို့အပြင် ကေအဲန်ယူအနေဖြင့် ကမ်ပိန်းတောနော်လှုပ်ရှားမှုကို အားပေးထောက်ခံပြီး လိုအပ်သည့် နေရာတွင် မိမိတို့တတ်နိုင်သလောက် အကူအညီပေးသွားမည်ဖြစ်ကြောင်းကိုလည်း ကေအိုင်စီနှင့် အင်တာဗျူးတွင် ဖြည့်စွက်၍ ပြောသည်။

လှုပ်ရှားမှုကာလ (၄၅)ရက်တာ အဖြစ် သတ်မှတ်ထားသော ကမ်ပိန်းတောနော်အတွင်း ရန်ပုံငွေအဖြစ် ထိုင်းဘတ် သန်း(၂၀)တိတိ ရရှိရန် မျှော်မှန်းထားခြင်းဖြစ်ပြီး ရရှိလာသောရန်ပုံငွေများကို စစ်ကောင်စီအား ဟန့်တားရေးအတွက် စစ်ဘက်ဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရာတွင် အသုံးပြုသွားမည်ဖြစ်သည်ဟုလည်း အဆိုပါကမ်ပိန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ကမ်ပိန်းအတွင်း ကရင်ပြည်သူလူထု၏ပါဝင်မှုသည် စစ်ကောင်စီ၏ထိုးစစ်ဆင်မှုကို တန်ပြန်တိုက်စစ်ဆင်ရေးသာမက နိုင်ငံတကာစီးပွားကုန်သွယ်မှုဒေသအတွင်း KNU ၏ အုပ်ချုပ် ရေးချမှတ်နိုင်ရန်နှင့် ပြည်သူ့အသက်အိုးအိမ်ကာကွယ်ရန်အတွက်ပါ လိုအပ်လျက်ရှိသည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ကိုလည်း ကမ်ပိန်းကော်မတီက ထိုထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ကမ်ပိန်းစတင်သည့်ဇွန်လ(၁)ရက်နေ့မှ လက်ရှိအချိန်အထိ ရက်ပေါင်း(၁၀)ရက် ကြာရှိလာသည်တွင် ပြည်တွင်း ပြည်ပမှ ပါဝင်ထောက်ပံ့ငွေအဖြစ် မြန်မာကျပ်ငွေ (၅၀၀,၀၀၀)နှင့် ထိုင်းဘတ်ငွေ (၁၄၁,၅၀၀) ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း ကမ်ပိန်းကော်မတီ၏ ဇွန်လ(၉)ရက်နေ့က အလှူရှင်နှင့်ငွေစာရင်း ထုတ်ပြန်ချက်အရ သိရသည်။