Home သတင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်ရေးအရာရှိက လယ်သမားကိုတရားစွဲပြီး မြေပေါ်ရှိ အဆောက်အဦးများအား ဖြိုချဖျက်ဆီး

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်ရေးအရာရှိက လယ်သမားကိုတရားစွဲပြီး မြေပေါ်ရှိ အဆောက်အဦးများအား ဖြိုချဖျက်ဆီး

252
Photo: CJ

ဇွန်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်သစ်(၇)လမ်း အနောက်ဘက်ရှိ ဦးအောင်ကြည် အမည်ပေါက် လယ်မြေနေရာကို တနင်္သာရီတိုင်းကရင်တိုင်းရင်သားရေးရာဝန်ကြီး စောမာတင်လူသာ၏ ကိုယ်ရေးအရာရှိ(PSO)ဖြစ်သူ အောင်ရွှေဦးဆိုသူက မြေပိုင်ရှင်ကို တရားစွဲကာ ယမန်နေ့ မေလ ၉ ရက်နေ့တွင် ထိုမြေပေါ်ရှိ အဆောက်အဦးများကို ဖြိုချဖျက်ဆီးမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

လယ်မြေ ၁ ဧကကျော်ရှိသော ဦးအောင်ကြည်၏ အမည်ပေါက် လယ်မြေနေရာသည် ၎င်း၏ ဘိုးဘွား ပိုင်မြေနေရာဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပိုင်ရှင်မသိဘဲ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး စောမာတင်လူသာ၏ အမည်ပေါက် ဂရမ်ထွက်လာပြီးနောက် လက်ရှိအချိန်တွင် မူလလယ်ပိုင်ရှင်ကို တရားစွဲဆိုကာ အဆောက်အဦးများကို ဖြိုချမှုများပါ ပြုလုပ်ခဲ့ကြောင်း လယ်ပိုင်ရှင် နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်အာဏာသိမ်းပြီးနောက်မှာ လယ်သမားမြေကိုသူတို့က ဂရမ်ထုတ်တာဖြစ်တယ်။ ပြောရမယ် ဆိုရင် လယ်ပိုင်ရှင်က ဘာမှမသိရဘူး။ မြေဂရမ်ထုတ်ပြီးနောက် ၂၀၂၃ခုနှစ်က စပြီး သူတို့လာတာ။ လာတဲ့အချိန်မှာ စောမာတင်လူသာရယ်၊ သူတို့ရှေ့နေ စဧရာဝင်းပါတယ်။ ပြီးတော့ အဲဒီကိုယ်ရေးအရာရှိ ပါတယ်။ လာတိုင်းလည်း သူတို့လူတွေမှာလက်နက်တွေပါတယ်။ ဒါ ငါတို့ဝန်ကြီးရဲ့မြေ နင်တို့ထွက်ဆိုပြီး အဲဒီ PSO က ပထမဦးဆုံးအဲလိုလာမောင်းထုတ်ခဲ့တယ်။ ဒီရက်ပိုင်းမှာတော့ အဆောက် အဦး တွေလာဖြိုတယ်။ ပြီးတော့ တရားလာစွဲတဲ့အထိ ဖြစ်လာတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါလယ်သမားကို တရားစွဲဆိုရန်အတွက် တရားလိုရှေ့နေ စဧရာဝင်းမှ နို့တစ်စာပေးပို့ကာ ကရင် တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သူ စောမာတင်လူသာမှ ရောင်းသူနေရာတွင်ရှိပြီး ၎င်း၏ ကိုယ်ရေး အရာရှိဖြစ်သူ တပ်ထွက်အောင်ရွှေဦးမှာ ဝယ်သူနေရာတွင်ထားကာ တရားမမှုနှင့် တရားစွဲဆိုခြင်းလည်း ဖြစ်သည်ဟု နီးစပ်သူက ဆက်ပြောသည်။

ယခု ဇွန်လ ၄ရက်နေ့မှစတင်၍ တနင်္သာရီတိုင်းဝန်ကြီးချုပ် မြတ်ကိုနှင့် ကရင်တိုင်းရင်း သားရေး ရာဝန်ကြီး စောမာတင်လူသာတို့၏ အမိန့်ဖြင့်ဆိုကာ ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ အောင်ရွှေဦးမှ ပျူစောထီးအဖွဲ့ဝင်များ အပါအဝင် လယ်သမားကို ထပ်မံသွားရောက်ခြိမ်းခြောက်မှု ပြုလုပ်ပြီးနောက် မြေပိုင်ရှင်ဆောက်လုပ်ထားသည့် မြောင်းကျော်တံတား၊ ခြံစည်းရုံးနှင့် အဆောက်အဦးများကို ဘူဒိုဇာစက်ဖြင့် လာရောက်ဖျက်ဆီးသွားခြင်းလည်း ဖြစ်သည်။

Photo: CJ

ထိုလယ်မြေအနီးဝန်းကျင်တွင်လည်း လယ်ယာမြေအများအပြားသိမ်းဆည်းခံရခြင်းရှိခဲ့သလို စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးများ၊ မြေပွဲစားများနှင့် ရှေ့နေအချို့က လယ်ပိုင်ရှင်များကို အဓမ္မလက်မှတ်ထိုးရောင်းခိုင်းခြင်းနှင့် လယ်သမားအများအပြားကို အလားတူ တရားစွဲ ခံရမှုများရှိကြောင်းလည်း ဒေသခံများက ပြောသည်။

မူလလယ်ပိုင်ရှင်ကို တရားစွဲဆိုသည့် ထိုလယ်မြေပေါ်တွင် ဟိုတယ်လုပ်ငန်းဆောက်လုပ်ရန် အစီ အစဉ်ရှိသလို ၎င်းလယ်မြေသိမ်းမှု၏နောက်ကွယ်တွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ဝန်ကြီးအချို့ ပါဝင် ပတ်သက်မှုရှိကြောင်းလည်း နစ်နာသူလယ်သမားဘက်က ရပ်တည်ဆောင်ရွက်ပေးသူထံမှ သိရသည်။

PSO အောင်ရွှေဦးဆိုသူသည် ယခင်က ထားဝယ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ- ၁၀၄) တပ်မှ ဒုတပ်ရင်းမှူးဖြစ်ပြီး ရခိုင်ပြည်နယ်ကို ပြောင်းရွှေ့ပြီးနောက် တပ်ရင်းမှူးဖြစ်သွားကာ လူမှုရေး ဖောက်ပြန်မှုကိစ္စကြောင့် ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်း၊ ထောင်ထွက်လာသည့်အချိန်တွင် (စသုံးလုံး)တွင်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်တိုင်းရင်း သားရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိ (PSO) ဖြစ်လာခဲ့သူဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

အလားတူ တရားစွဲဆိုရာတွင် တရားလို ရှေ့နေအဖြစ် ပါဝင်ကူညီပေးနေသည့် စဧရာဝင်း ဆိုသူမှာလည်း ယခင် စစ်အာဏာမသိမ်းခင်ကာလများက ကရင်လူငယ်ကွန်ယက်-KYN လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ ဖူးသူဖြစ်သလို အပစ်ရပ် NCA ကာလတွင်လည်း တနင်္သာရီတိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)တွင် အဖွဲ့ဝင် အနေဖြင့် ပါဝင်ခဲ့ဖူးသူဖြစ် သည်။

အဆိုပါ လယ်ပိုင်ရှင်ကို တရားစွဲပြီး မြေပေါ်ရှိ အဆောက်အဦးများအား ဖြိုချဖျက်ဆီးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ စစ်ကောင်စီတာဝန်ရှိသူနှင့် ပါဝင်ကူညီပေးနေသည့် ရှေ့နေတို့အား ဆက်သွယ်မေးမြန်း၍ မရရှိပေ။