Home သတင်း အနန်းကွင်းတွင် စစ်ကောင်စီအထိနာ၍ လေယာဉ် ၃ စင်းဖြင့် တုန့်ပြန်တိုက်ခိုက်နေ

အနန်းကွင်းတွင် စစ်ကောင်စီအထိနာ၍ လေယာဉ် ၃ စင်းဖြင့် တုန့်ပြန်တိုက်ခိုက်နေ

986
Photo: CJ

မေလ ၉ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း ဗျူဟာကုန်းတပ်စခန်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မေလ ၇ရက်နေ့ နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၂၀ ကျော် ထိခိုက်ပြီး ၃ ဦးထက်မနည်း သေဆုံးမှုရှိသည့်အတွက် စစ်ကူလေယာဉ် ၃စင်းဖြင့် တုံ့ပြန်တိုက်ခိုက်နေကြောင်း နယ်မြေခံ KNLA ကပြောသည်။

အနန်းကွင်းစစ်ဗျူဟာတွင်ရောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းပြင်ပတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ထွက်သည့်အချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုတွင် အရာရှိများပါဝင်၍ ရဟတ် ယာဉ် ၃ စင်းရောက်လာ၍ တစ်စင်းမှာ ထိခိုက်လူနာများကို သယ်ဆောင်ပြီး ကျန်၂ စင်းမှာ အနီးနားဝန်းကျင်ကို မနားတမ်းလှည့်ပတ် ပစ်ခတ်ပေးသည်ဟု KNLA အရာရှိတစ်ဦးက ယခုလိုပြောသည်။

၎င်းက ” အနန်းကွင်းဗျူးဟာမှာရောက်လာတဲ့စစ်ကောင်စီတပ်တွေက သူတို့လူစုပြီးတော့ စခန်းပတ်ပတ်လည် တွေမှာ ရှင်းလင်းရေးလိုက်လုပ်ဖို့ဖြစ်မယ်။ ကျနော်တို့ လူတွေက သွားစောင့်ထားတော့ အဲဒီမှာတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တာက မနက် ၇နာရီမှာစဖြစ်ပြီးတော့ နေ့လယ် ၁၂နာအရီအထိကြာတယ်။ ညနေ ၃နာရီ မိနစ်၂၀ လောက်တော့ လေယာဉ်တွေတက်လာတယ်။ ညနေ ၄နာရီထိုးတာတောင် မပြန်သေးဘူး အဲလောက် ကြာ တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာများသော်လည်း နယ်မြေခံ KNLAပူးပေါင်း တပ်ဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းလည်း အဆိုပါ မြေပြင်ရှိ KNLA အရာရှိက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတွင်လည်း အနန်းကွင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်ဘက်မှ Y-12 လေယာဉ် အမျိုးအစားဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ဒေသခံများထိခိုက်ဒဏ်ရာရရှိသည့်အပြင် လူနေအိမ်အချို့ပါ မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

ယခုလို လေကြောင်း တိုက်ခိုက်မှုများအပြင် မွန်ပြည်နယ်ရှိ စစ်ကောင်စီ အခြေစိုက် စခန်းများမှ တစ်ဆင့် အမြောက်လက်နက်ကြီး များဖြင့်လည်း စစ်ကူပစ်ခတ်ပေးသည့်အတွက် ဒေသခံလူထု တစ်သောင်းကျော်သည် ၂လ ကျော်ကြာသည်အထိ နေရပ်မပြန်ရဲသေးဘဲ တောတောင်နှင့် ဂူများတွင် ဆက်လက်ပုန်းရှောင်နေကြရဆဲ ဖြစ်သည်။

အနန်းကွင်းစစ်ကောင်စီဗျူဟာကုန်း တပ်စခန်းသည် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမပေါ်တွင်ရှိသည့် တပ်စခန်း တစ်ခုဖြစ်ကာ ယခုမေလ (၃)ရက်နေ့တွင်လည်း ထိုလမ်းပေါ်တွင်ရှိသည့် တောင်စွန်းစစ်ကောင်စီ တပ်စခန်း တစ်ခုကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက် သိမ်းပိုက်ခဲ့သေးသည်။