Home သတင်း ‘သုညဘဝအတူရုန်းထ’ အစီအစဉ်မှ ရရှိငွေများကို စစ်ဘေးရှောင်များသို့ လှူဒါန်း

‘သုညဘဝအတူရုန်းထ’ အစီအစဉ်မှ ရရှိငွေများကို စစ်ဘေးရှောင်များသို့ လှူဒါန်း

523
Photo: Crd.

မေ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) ၏ ‘သုညဘဝအတူရုန်းထ’ အစီအစဉ်များမှ ရရှိလာသည့် ငွေကြေးများကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေ၊ နဘူးမြို့နယ်မှ စစ်ဘေး ရှောင်ပြည်သူများရှိရာ နေရာအချို့ နှင့် တပ်မဟာ (၆) နယ်မြေမှ စစ်ဘေးရှောင်ပြည်သူအချို့ထံသို့ တိုက်ရိုက် လှူဒါန်းခဲ့ကြောင်း ကရင်လူငယ်အစည်းအရုံး(KYO) က ယနေ့ သတင်းထုတ်ပြန်သည်။

KYO (ဗဟို) နှင့် (GSCN)၊ ကရင်အနုသုခုမအသင်း (KAA)တို့မှပူးပေါင်းပြီး စစ်ဘေးရှောင်ရန်ပုံငွေရှာဖွေရေး ကမ် ပိန်းကြီးတစ်ခုပြုလုပ်ကျင်းပပြီး တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူ လူထုထံသို့ ရရှိလာသည့်ငွေကြေးများ နှင့် စားနပ်ရိက္ခာများကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြောင်း KYO အတွင်းရေးမှူး (၂) စောအယ်ထီးကော်က ယခုလို ပြောသည်။

၎င်းက “ရရှိလာတဲ့ရန်ပုံငွေတွေကို ကျနော်တို့ ကေအဲန်ယူရဲ့ အုပ်ချုပ်နယ်မြေဖြစ်တဲ့ တိုက်ပွဲကြောင့် စစ်ဘေး ရှောင်နေရတဲ့ ပြည်သူလူထုတွေကို ကူညီဖို့အတွက် ရရှိလာတဲ့ဟာတွေကို စစ်ဘေးရှောင်တွေဆီ လှူဒါန်းတာ ဖြစ်တယ်။ ကျန်တဲ့ဟာတွေကိုလည်း အရေးပေါ် လိုအပ်နေတဲ့နေရာတွေမှာ ထောက်ပံ့သွားမယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ကော်သူးလေဒေသအတွင်းရှိ စစ်ဘေးရှောင် ပြည်သူအိမ်ထောင်စု (၁,၀၀၀) စာအတွက် လိုအပ်သည့် အခြေခံ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး အဆိုပါ ‘သုညဘဝအတူရုန်းထ’ အစီအစဉ်တစ်ခုဖြစ်သော “ဖားစည်ဟိန်းသံ ကျွဲချိုသံ”အမည်ဖြင့် ရန်ပုံငွေရှာဖွေ ရေးဖျော်ဖြေပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ကော်သူးလေ ထိန်းချုပ်နယ်မြေတစ်နေရာတွင် အွန်လိုင်းနှင့်မြေပြင်ပေါင်းစပ်၍ ကျင်းပခဲ့သည်။ ထိုရန်ပုံငွေ ရှာဖွေရေးဖျော်ဖြေပွဲသို့ KNU ခေါင်းဆောင်းများ နှင့် ဒေသခံ ၅၀၀ ကျော်တက်ရောက် ချီးမြှင့်ခဲ့ကြသည်။

Photo: Crd.

အဆိုပါ ဖျော်ဖြေပွဲမှ ရရှိလာသည့် ရန်ပုံငွေများကို ယခုလို စစ်ဘေးရှောင်များအတွက် ပြန်လည် လှူဒါန်းခြင်းဖြစ် ပြီး စစ်ဘေးရှောင် အိမ်ထောင်စုများအတွက် လိုအပ်သည့် စားနှပ်ရိက္ခာများကို ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ ကြခြင်းလည်းဖြစ်သည်။

ကေအဲန်ယူ နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်တိုက်ပွဲများ အပြင် စစ်ကောင်စီတပ်ဘက်မှအရပ်သားနေထိုင်ရာကျေးရွာ၊ ဘာသာရေးအဆောက်အဦးများ နှင့် စာသင် ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် သိန်းနှင့်ချီသည့် ဒေသခံများ စစ်ဘေးရှောင်ခဲ့ကြရသည်။

ကေအဲန်ယူ၏ ယခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က နောက်ဆုံး ထုတ်ပြန်ထားသည့်စာရင်းအရ နယ်မြေအတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေမှာ (၇၅၀,၀၀၀) ကျော်ရှိပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။

အလားတူ (GSCN) ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်တွင်လည်းပြီးခဲ့သည့် နှစ်ဒီဇင်ဘာလတွင် ချင်းပြည်နယ် တွင် ဂီတ ဖျော်ဖြေပွဲ ရန်ပုံငွေရှာဖွေမှုကို ပြုလုပ်ခဲ့သေးသည်။