မေလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့အခြေစိုက် Myanmar Health Support-MHS အဖွဲ့မှ ကမက ပြုလုပ်ကျင်းပသည့် MHS Summer Cup 2024 ဖူဆယ် ဘောလုံး ပြိုင်ပွဲကို မေလ(၁၈)ရက် ယမန်နေ့၊ နံနက် (၇)နာရီအချိန်တွင် (We R Soccer Field) ဖူဆယ်ဘောလုံးကွင်းတွင် စတင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့အတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်း(၁၁) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ MHS Summer Cup 2024 ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ များအကြား ကောင်းမွန်သည့် ဆက်ဆံရေး ရရှိစေနိုင်ရန်အပြင် အားကစားစိတ်ဓါတ်နှင့် ကာယ ဉာဏကျန်း မာကြံ့ခိုင်ရေးကိုသာ ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း MHS မှ တာဝန်ခံ ဆရာမျိုးမင်းပိုင်က ပြောသည်။

၎င်းက “အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ကဘဝမှာ တစ်ခါရှုံးတာနဲ့ အမြဲတမ်းရူံးတာမဟုတ်ဘူးဆိုတာကို ပေးချင်တယ်။ ပြိုင်ပွဲက အဓိက နိုင်လိုစိတ်ဆိုတာကို ရှေ့တန်းတင်မထားဘူး။ တကယ်လို့ရှုံးသွားတယ်ဆိုလည်း အဲ့ဒီအရှုံးကို ပြန်ပြင်ဆင်ပြီးတော့ ပြန်ပြီးကြိုးစားနိုင်အောင် ဒီအခွင့်အလမ်းကို ပေးတာဖြစ်တယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို နှစ်ရက်ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများအပြင် အသန့် ရှင်းဆုံးအသင်းဆု၊ အကောင်းဆုံး နည်းပြဆု၊ ဇွဲအကောင်းဆုံးဆုနှင့် အကောင်းဆုံး အားကစားသမား ဆုများကိုပါ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ကြီးကြပ်ရေးနှင့်ဆုပေးရွှေးချယ်ရေးအဖွဲ့မှ တာဝန်ခံမသင်ဇာစိုးက ပြောဆိုသည်။

ထို့အပြင် MHS Summer Cup 2024 ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအုပ်စုပွဲစဉ် နှင့်အမျိုးသမီး အုပ်စုပွဲ စဉ်ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ အုပ်စုပွဲစဉ်များတွင် အမှတ်ပေးစနစ်ဖြင့် ဆုံးဖြတ်သွားမှာဖြစ်သလို အမှတ် တူပါက ဂိုးအရေအတွက်ဖြင့် ဆုံးဖြတ်မှာဖြစ်ပြီး ဂိုးအရေအတွက်ထပ်မံတူနေပါက Fair Play ဖြင့်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပွဲစဉ်စီစဉ်သူများက ပြောသည်။



















