Home သတင်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် မောင်မယ်ရှောင်ဒေသခံများ နေရာထိုင်ခင်းနှင့် ဆေးဝါး အကူအညီလိုအပ်နေ

ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် မောင်မယ်ရှောင်ဒေသခံများ နေရာထိုင်ခင်းနှင့် ဆေးဝါး အကူအညီလိုအပ်နေ

559
Photo-CJ

မေလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ လက်ရှိ အချိန်တွင် နေရာထိုင်ခင်းနှင့်ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာ အနီးရှိဘုရားမဲစစ်ဆေးရေးဂိတ်ရှိတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့်တော်လှန်ရေးတပ်များကြား ပြီးခဲ့သည့် မေလ(၂)ရက်နေ့က တိုက်ပွဲဖြစ်ပွား၍ အနီးရှိ ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ပြီး ယနေ့အချိန် နေရပ်မပြန် နိုင်ကြ သေးကြောင်း စစ်ဘေးရှောင်အနီးကပ်ကူညီနေသူတစ်ဦးက ပြောသည်။

၎င်းက “အကုန်လုံးထွက်ပြေးကြတော့ အသက်ကြီးတဲ့သူတွေပါတယ်။ နေကလည်းပူတော့ နေဖို့ထိုင်ဖို့ အတွက်က ပိုပြီးတော့လိုအပ်တယ်။ အဓိကက ဓာတ်ဆားထုပ်တွေ၊ အမိုးအကာတွေ လိုအပ်ချက်က ရှိနေတယ်။ တိုက်ပွဲအခြေအနေက ဘာတွေဆက်ဖြစ်မလည်း မသိသေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်စွဲသည့်အချိန်မှ စတင်ပြီး လက် နက်ကြီး၊ လက်နက်ငယ်များကို ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ ကြောင်းလည်း မောင်မယ်ကျေးရွာ ဒေသခံများက ပြောသည်။

လက်ရှိ တိမ်းရှောင်နေကြသော ဒေသခံများမှာ နေရာထိုင်ခင်းနှင့်ဆေးဝါး အကူအညီလိုအပ်ချက်များ အပြင် စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းလည်း စစ်ရှောင်ကူညီသူများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် နှစ်ဖက်တိုက်ပွဲများနှင့် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ပြီးခဲ့သည့် မတ်လအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ငါးသောင်းကျော်အထိရှိလာကြောင်း FE5 Tanintharyi အဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။