မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြန်မာမီဒီယာသမားများနှင့် လူ့အခွင့်အရေးကာကွယ်သူတို့ကို ပံ့ပိုးကူညီနေသည့် Exile Hub အဖွဲ့က ယနေ့ မေလ (၃)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ တွင် “ငါ့အသံသာကျန် တော့တယ် (#OnlyMyVoiceLeft)”ကမ်ပိန်း ပြုလုပ် ဂုဏ်ပြုလျက်ရှိကြောင်း အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
အာဏာရှင်စနစ်အုပ်ချုပ်မှုအောက်တွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အတင်းအဓမ္မပြည်နှင်ခံရခြင်း ခံစားနေရသည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများနှင့်လူ့အခွင့်အရေးကာကွယ်သူတို့၏ အသံကိုမြှင့်တင်ရန်၊ ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုများကို မီးမောင်းထိုးပြရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လုံခြုံရေးဆိုင်ရာအခွင့်အရေးများကို ထောက်ခံအားပေးရန် ရည်ရွယ်ပြုသော ကမ်ပိန်းဖြစ်ကြောင်း Exile Hub က ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မီဒီယာလုပ်ငန်းများအပေါ် သက်ရောက်မှုကြီး မားခဲ့သည့်အခြေအနေနှင့် သတင်းသမားများ ရင်ဆိုင်တွေ့ကြုံခဲ့ရသည့်အသံများကို အဆိုပါကမ်ပိန်းအတွင်း ဖော်ထုတ်တင်ပြထားပြီး Exile Hub အနေဖြင့်လည်း အထက်ပါအခြေအနေများကို မြင်သာရန်နှင့် လိုအပ်ချက်များကိုထောက်ပံ့ပေးခြင်းဖြင့် လွတ်လပ်စွာပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးရန်ဖြစ်သည်ဟု အဖွဲ့ သုတေသနဒါရိုက်တာ Yucca Wai က ပြောသည်။
၎င်းက “ကျမတို့ရဲ့ပန်းတိုင်ကတော့ သတင်းမီဒီယာသမားတွေရဲ့အခြေအနေကို မြင်သာအောင်ပြုလုပ်ပေးပြီး သူတို့ရဲ့လိုအပ်ချက်တွေကို ထောက်ပံ့လို့ လွတ်လပ်စွာပြောဆိုခွင့်နဲ့သတင်းပညာလွတ်လပ်ခွင့်ကို ကိုင်ဆွဲမြှင့် တင်ဖို့ပဲဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အလုပ်ကိုကာကွယ်ပေးနိုင်မှာဖြစ်သလို လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွေအကြောင်း ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်ပေးနိုင်ကြမှာဖြစ်တယ်” ဟု ထုတ်ပြန်ချက်အတွင်း ပြောဆိုထားသည်။
ထို့အပြင် ထုတ်ပြန်ချက်တွင် နယ်စည်းမခြားသတင်းသမားများအဖွဲ့၏ ယခုနှစ် ဧပြီလပိုင်းက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမား (၆၂) ဦးကို စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားသည့်အခြေအနေသည် တကမ္ဘာလုံးအတိုင်းအတာဖြင့် သတင်းသမားများဖမ်းဆီးထောင်ချခံထားရသည့်အမြင့်ဆုံးစံချိန်ဖြစ်နေပြီး အမျိုးသမီးသတင်းသမားများအပါအဝင် ပြည်ပရောက်လာသည့် သတင်းသမား (၈၄.၈)ရာခိုင်နှုန်းမှာလည်း သတင်းလုပ်ငန်းနှင့်ဆက်စပ်ပြီး လုံခြုံရေးဆိုးရွားခြင်းနှင့် ခြိမ်းခြောက်ခံရမှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာလာရသည် ဟု ဖော်ပြထားသည်။
“ကျမ ရဲ့ အကြီးမားဆုံးစိုးရိမ်မှုက ကျမမိသားစုပါ။ ရန်ကုန်မှာ မိဘတွေချည်းပဲ ကျန်ခဲ့တယ်။ ကျမ နဲ့ ကျမမောင်လေး က သတင်းထောက်တွေအဖြစ် လုပ်နေပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ နေလို့မရသလို အိမ်လည်း ပြန်လို့မရပါဘူး။ ကျမရဲ့မိဘတွေက နိုင်ငံကူးလက်မှတ်မရှိ သလို နိုင်ငံခြားကိုလည်း မသွားချင်ဘူး။ ခရီးသွားဖို့ အတွေ့အကြုံလည်းမရှိပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေလည်း အလားတူ အခြေအနေမျိုး ကြုံနေရတယ်လို့ ထင်ပါတယ်။” ဟု သတင်းထောက်တစ်ဦးက Exile Hub ၏ ကမ်ပိန်းအတွင်း ပါဝင်ပြောဆိုထားသည်။
ထို့အတူ ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာလှုပ်ရှားသူ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့်လည်း မြန်မာ့ မီဒီယာများ၏လုပ်ပိုင်ခွင့်ကို ကာကွယ်ရန်အရေးကြီးသော ကြိုးပမ်းချက်များအပေါ် ရပ်တည် ထောက်ပံ့ပေးကြရန်လည်း Exile Hub က ထုတ်ပြန်ချက်အတွင်း တောင်းဆိုထားသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် Exile Hub သည် မီဒီယာသမားများနှင့်လူ့ အခွင့်အရေးကာကွယ်သူများအတွက် ရန်ပုံငွေစုဆောင်းခြင်း၊ နေရာထိုင်ခင်းပံ့ပိုးပေးခြင်း၊ အလုပ်ရုံဆွေး နွေးပွဲနှင့်ဘေးကင်းလုံခြုံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့်စိတ်ကျန်းမာရေးဆွေးနွေးပေးခြင်းတို့ကို ပံ့ပိုးကူညီနေသောာ အဖွဲ့တစ်ခုဖြစ်သည်။
အလားတူ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ-IPCM နှင့် နိုင်ငံတကာမြန်မာ့သတင်း-BNI တို့ ပူးပေါင်းကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခမ်းအနားကျင်းပနေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကလည်း သတင်းမီဒီယာသမားများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုတို့ကိုထိခိုက်စေသည့် ကန့်သတ်ထိန်းချုပ်မှုများအား ဆန့်ကျင်ကြောင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်အားကောင်းရေး အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ရပ်တည်ချက်ထုတ်ပြန် ပြောဆိုထားသည်။



















