Home သတင်း မိုးရာသီဝင်လာသဖြင့် ယာယီတဲထိုးနေရသော သံတောင်အထူးဒေသမှ အိုးအိမ်မဲ့ဒေသခံများ အခက်ကြုံ

မိုးရာသီဝင်လာသဖြင့် ယာယီတဲထိုးနေရသော သံတောင်အထူးဒေသမှ အိုးအိမ်မဲ့ဒေသခံများ အခက်ကြုံ

645
Photo: CJ

မေလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ သံတောင်(အထူးဒေသ)၊ ရေတာရှည်မြို့နယ်၊ ကန်လှရွာကို စစ်ကောင်စီတပ်မီးဝင်ရှို့မှုကြောင့် လတ်တလော ယာယီတဲထိုးနေထိုင်ရသည့် အိုးအိမ်မဲ့ဒေသခံများ မိုးရာသီဝင်ရောက်လာပြီဖြစ်သဖြင့်နေထိုင်ရေးအခက်အခဲတွေ့ကြုံနေရကြောင်း နီးစပ်သူရွာခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက ကန်လှရွာအနီး စစ်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာ အတွင်းရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီကြောင့် ကန်လှရွာမှ နေအိမ်စုစုပေါင်း (၆၅)လုံး ပျက်စီးခဲ့ပြီး ရွာခံ (၂၀၀)ကျော် အိုးအိမ်မဲ့ခဲ့ရခြင်းဖြစ်သည်။

နေစရာမဲ့ရွာခံများသည် ထိုရက်မှစ၍ သံတောင်(အထူးဒေသ)အဖွဲ့နှင့် မိမိတို့နီးစပ်ရာအကူအညီဖြင့် လက်ရှိ အချိန်ထိ ယာယီတဲထိုးနေထိုင်ရသလို မိုးလေကြမ်းတမ်းသည့်ရက်များတွင် ယာယီတဲများက မလုံခြုံသည့်အတွက် အိုးအိမ်ပြန်လည်တည်ဆောက်ရေး အကူအညီလိုအပ်နေသည်ဟု ကန်လှရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၃, ၄ ရက်လောက် လေကြမ်းတိုက်တော့ အမိုးအကာတွေလွှင့်ထွက်ကုန်တယ်။ မိုးကလည်းနေ့တိုင်း လိုလိုရွာလာပြီ၊ လောလောဆယ် သံတောင်အထူးဒေသအဖွဲ့တွေက သူတို့ဆီမှာရှိတဲ့သစ်တွေကို လှူထား တာရှိတယ်။ အဲဒီကရတာနဲ့ ဖက်တွေခူးပြီး အမိုးအကာလုပ် နေရတယ်။ အိမ်တွေကတော့ပြန်မ ဆောက်နိုင်ကြသေးဘူး။ ပြန်ဆောက်ဖို့အလှူရှင်လည်းမရှိသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အိုးအိမ်မဲ့ ထိုကန်လှရွာခံများ၏ စားသောက်ရေးအတွက်ကိုမူ မိမိတို့ဘာသာအဆင်ပြေသလို ဖြေရှင်း၍ရနေသေးသော်လည်း ၎င်းတို့မိသားစုဝင်များတွင် အမျိုးသမီးများအပါအဝင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များပါ ရှိနေ၍ နေစရာနေရာအတွက် ပိုမိုသောကရောက်ရကြောင်း ရွာခံများကို တစ်နိုင်တစ်ပိုင် လိုက်လံအကူအညီပေးနေသူထံမှ သိရသည်။

အထက်ပါ ကန်လှရွာခံက “နေတာကတော့ ကန်လှရွာထဲက မီးလောင်ထားတဲ့အိမ်တွေနားမှာကပ်ပြီးတော့ တဲထိုးနေရတယ်။ စားသောက်တာက ဟိုဘက်ရွာဒီဘက်ရွာက လူတွေလာပေးတာရှိတယ်။ စားသောက်ရေးကတော့ ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းနိုင်သေးတယ်။ မဖြေရှင်းနိုင်တာကတော့ အဆောက်အဦးပြန်ဆောက်ပြီးပြီးကတည်းက နေစရာမဆောက်နိုင်သေးတာပဲ။” ဟု ၎င်းက ပြောသည်။

ကန်လှရွာတွင် မီးရှို့မှုဖြစ်ပွားပြီးနောက်ပိုင်း တိုက်ပွဲသံငြိမ်သက်နေသော်လည်း ရေတာရှည်မြို့နယ် ဆွာမြို့အရှေ့ဘက်ရှိ ကျေးရွာများတွင် ဧပြီလပိုင်းမှစ၍ တော်လှန်ရေးတပ်နှင့်စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်မီးရှို့ခံရမှုအပါအဝင် ဒေသခံအချို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေတာရှည်မြို့နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ နှင့်လက်အောက်ခံအဖွဲ့များကြောင့်နေအိမ်ပေါင်း(၈၀,၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar မှ ပြုစုထားသော စာရင်းတွင် ဖော်ပြထားသလို ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာရှောင်တိမ်း နေရသည့် ပြည်သူ ၃ သန်းကျော်ရှိလာကြောင်းလည်း ကုလသမဂ္ဂ၏ မှတ်တမ်းများအရ သိရသည်။