မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်း စစ်ပွဲများကိုမလိုလားဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ယမန်နေ့ ဧပြီလ ၇ ရက်နေ့က လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကရင်ဘာသာရေးခေါင်း ဆောင်များ နှင့် လူထုတွေ့ဆုံပွဲအပြီး ဆန္ဒသဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက်ဟုဆိုကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ကရင်ဘာသာရေးခေါင်းများ နှင့် ကေအဲန်ယူ၊ တပ်မဟာ (၇)နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံလူထုများ၊ ကရင့်လက်နက်ကိုင်(၄)ဖွဲ့မှ ခေါင်းဆောင်အချို့ပါဝင်၍ တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး ယခုလို သဘောထားထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲကို ပါဝင်တက်ရောက်ခဲ့သူ KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ ကျနော်တို့ ကရင့် လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက ချမှတ်ထားသလို ဒီတပ်မဟာ(၇) နယ်မြေထဲမှာ တိုက်ပွဲမဖြစ်ပွား ရေး၊ လူထုတွေအနေနဲ့ တိုက်ပွဲကြောင့် သေကြေပျက်စီးတာမျိုး မရှိစေတော့ရေး ကျနော်တို့ လက်နက်ကိုင် ၄ ဖွဲ့ ကနေ ပြည်သူလူထုနဲ့ လက်တွဲပြီး ကိုယ့်ဒေသနယ်မြေအလိုက် လုပ်နိုင်သလောက် ကြိုးစားလုပ်ဆောင်သွားဖို့ ဆိုတာမျိုးကိုဆွေးနွေးခဲ့ကြတာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူအနေဖြင့် ကွန်ဂရက်က ချမှတ်ထားသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် အဖြေ ရှာရေး မူဝါဒသဘောထားအတိုင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဒေသခံလူထုများ၏ ထောက်ခံမှုဖြင့် ဖော်ဆောင်သွားနိုင်ရန်ကိုပါ သဘောထားရှိခဲ့ကြကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ကေအဲန်ယူအနေဖြင့် မူဝါဒကြီး ချမှတ်ထားသော်လည်း စစ်ရေးနည်းဖြင့် အဖြေရှာလိုသည့် ခေါင်းဆောင်တချို့ရှိနေ၍ လက်ရှိစစ်ပွဲများကြောင့် ပြည်သူလူထုများ၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အဦးများ၊ ရပ်ရွာများ မီးလောက်ပျက်စီးပြီး ထိခိုက်သေဆုံးနေရကြောင်း လည်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတွက် ကေအဲန်ယူအနေဖြင့် ၎င်းတို့ ချမှတ်ထားသည့် မူဝါဒအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာသွားနိုင်ရေးနှင့်ကေအဲန်ယူက မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ရောက်ရှိ နိုင်ရေးအတွက် ရဟန်းရှင်လူ ပြည်သူနှင့် ခေါင်းဆောင်များက ပံ့ပိုးတွန်းအားပေးသွား မည်ဖြစ်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

သို့သော် လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေး နိုင်ငံရေး ပြဿနာများသည့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဖြစ်ပေါ် နေခြင်းဖြစ်သလို အုပ်စိုးသူ စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာရသည့် နိုင်ငံရေး ပြဿနာနှင့် အကြမ်းဖက်မှုလုပ်ရပ်များကို အစုအဖွဲ့တစ်ခုတည်းကိုသာ ဖိအားပေးဖြေရှင်းခိုင်း၍ မရနိုင်ကြောင်း နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသူ မောင်ကျော်စွာ ယခုလို သုံးသပ်ထောက်ပြထားသည်။
“မင်းအောင်လှိုင်က အဓမ္မအာဏာသိမ်းလိုက်လို့ ဒီကနေ့ ၃ နှစ်ကျော်ကာလအထိ ဒီလိုပဋိပက္ခအမျိုးမျိုး တွေ ဖြစ်လာတာဖြစ်ပါတယ်။ အဲ့ဒါကို ဒီလှိုင်းဘွဲမြို့နယ်က လူထုကော ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ ဒီအ ချက်ကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ ဥက္ကဌ စောဘဦးကြီး ခေတ်ကတည်းက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ ပြောခဲ့ပေမဲ့ အုပ်စိုးတဲ့သူ အဆက်ဆက်က လက်နက်နဲ့ပဲအကြမ်းဖက် ခဲ့တာဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ပြဿနာတွေဟာ ရှည်ကြာနေတာ ကွေ့ကောက်နေတာ ခက်ခဲနေတာ ဖြစ်တယ်” ဟု သုံးသပ် ပြောဆိုသည်။
ထို့အပြင် လတ်တလောတွင် စစ်အုပ်စုအနေဖြင့် စစ်ရေးအရ မြေပြင် ရှုံးနိမ့်မှုများ အကြီးအကျယ် ကြုံတွေ့ နေရ သည့် ရခိုင်ဒေသတွင်လည်း ရိုဟင်ဂျာ မူစလင်များကို အသုံးချ၍ ဘာသာရေး ပဋိပက္ခများ ဖန်တီး နေသလို ကရင် ပြည်နယ်တွင်လည်း ဘာသာရေးခေါင်းဆောင်များကို အသုံးချ၍ သွေးခွဲသည့် နည်းလမ်းများဖြင့် ပဋိပက္ခ များ ဖန်တီးလာနိုင်ကြောင်းကိုလည်းသတိပြုရန်လိုကြောင်း မောင်ကျော်စွာက ဆက်လက်ပြောဆိုသည်။
မြန်မာ့စစ်တပ်အနေဖြင့် နိုင်ငံရေးမှစွန့်ခွာမှသာ လက်ရှိနိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မည်ဖြစ်သောကြောင့် စစ်တပ်အနေဖြင့် နိုင်ငံရေးက ထွက်ခွာမည်ဟု ကတိပေးမှသာ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ၏ပြောခွင့်ရ ပဒိုစောတောနီးက ပြီးခဲ့သည့် ၂၀၂၂ ဧပြီလက သတင်းမီဒီယာများသို့ ပြောဆိုထားဖူးသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များနှင့်လူထုတွေ့ဆုံပွဲတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး(၂၅၁)၊ ခရစ်ယာန်ဆရာတော် (၁၀)ပါး နှင့် ဒေသခံလူထု (၈၄၇) ဦး တက်ရောက်ခဲ့ပြီး KNU မှ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒို စောအောင်မော်အေးနှင့် ဒူးပလာယာခရိုင် ဥက္ကဌဟောင်း ပဒိုစောရွှေမောင်းအပြင် ဖားအံခရိုင်အတွင်းရှိ ဒေသတာဝန်ရှိသူများ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA အဖွဲ့မှ စောကျော်သန်းဌေး၊ နယ်ခြားစောင့်တပ်-BGF မှ ဗိုလ်ကြာအင်း နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီထံ လိပ်မူပြီး ကရင်ပြည်နယ်အတွင်းရှိ အထင်ကရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက လက်မှတ်ရေးထိုး၍ စစ်ပွဲများ မဖြစ်ပွားစေရန် ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံချက်စာ ပေးပို့ခဲ့သေးသည်။



















