မေလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင် ဘီးလင်းနှင့်သထုံမြို့ကြား၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား ကျိုးကျပြီးနောက် တောလမ်းအသုံးပြု၍ မော်တော်ယာဥ်ဖြင့်ခရီးသွားလာသူများ စစ်ကောင်စီ တပ်ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်၍ ထိခိုက်သေဆုံးမှု ရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
မေလ(၁၁)ရက်နေ့က အဆိုပါတံတားပျက်စီးပြီးနောက်ပိုင်း ဘီးလင်းမြို့နှင့်သထုံမြို့အကြားတွင် တော်လှန် ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် နီးစပ်ရာကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
ထို့ကြောင့် မော်တော်ယာဥ်အများစုမှာ လမ်းကျည်းမြောင်းသော တောလမ်းနှင့်ရွာချင်းဆက်လမ်းများမှ ကွေ့ပတ်သွားလာနေရသလို လမ်းပိတ်ဆို့မှုဖြစ်ပွားစဥ် လက်နက်ကြီးထိမှန်၍ ထိခိုက်သေဆုံး သူများလည်းရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာပတ်လမ်းသဘောပေါ့၊ လမ်းကလည်း ကားတွေပိတ်သိပ်နေတာ မနေ့က လမ်းပိတ်နေတဲ့အချိန် အံစာတုံး ကားတစ်စီးပေါ်ကို လက်နက်ကြီးကျပြီး ကားပေါ်က ယောက်ျားနှစ်ယောက် သေသွားတယ်။ ဘီးလင်းနဲ့ သထုံကြားက ရွာတွေမှာ တိုက်ပွဲဖြစ်နေတော့ PDF တွေက အဲဒီလမ်းတွေကိုပေးမသွားပေမယ့် တချို့က အသက်အန္တရာယ်ရင်းပြီး သွားကြတယ်” ဟု အဆိုပါဒေသခံက ကေအိုင်စီသို့ ယနေ့ပြောသည်။
လက်နက်ကြီးနှင့်အတူ ဒရုန်းဗုံးကျရောက်မှုများကြောင့်ရွာချင်းဆက်လမ်းပေါ်ရှိ ဒေသခံများ၏နေအိမ်နှင့်ခြံ များအတွင်း ညအိပ်ပုန်းခိုနေရသည့်အခြေအနေအပြင် စားရေးသောက်ရေးအခက်အခဲများပါ တွေ့ကြုံရသဖြင့် ကျန်ခရီးသွားလာသူများ အရေးကြီးကိစ္စမရှိလျှင် လတ်တလော သွားလာခြင်းမပြုကြရန်လည်း ကိုယ်တိုင်ကြုံ တွေ့နေရသည့် ခရီးသွားလာသူများနှင့် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

တံတားဖောက်ခွဲမှုမဖြစ်ပွားသေးသည့် မေလ(၁၀)ရက်နေ့ကတည်းက သထုံခရိုင်ရှိ ကျေးရွာအချို့သို့ စစ်ကောင် စီက လက်နက်ကြီးပစ်ခတ်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပစ်ခတ်မှုများ လုပ်ဆောင် လျက်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်၏တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
၎င်းက “(၁၀)ရက်နေ့ကတည်းက ရွာထဲကိုလက်နက်ကြီးလှမ်းပစ်တာ နေ့ရောညရောပဲ ရွှေရောင်ပြမှာဆို ဒီနေ့ လူ(၃)ယောက်ဒဏ်ရာရတယ်။ သတင်းအချက်အလက်က တိတိကျကျမရသေးဘူး။ လူထုတွေရဲ့အသက်အိုး အိမ်စည်းစိမ်တွေ ကာကွယ်စောင့်ရှောက်ဖို့က အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတာပါ။ စစ်တပ် က လူထုတွေအပေါ်မှာ သနားကြင်နာစိတ်ကိုယ်ချင်းစာစိတ်မရှိဘူး။ တိုက်ပွဲရှိတာရောမရှိတာရော သူတို့ကရွာတွေထဲမှာ လက်နက်ကြီးတွေလှမ်းပစ်တယ်။” ဟု အဆိုပါ တာဝန်ရှိသူ ဆိုသည်။
ထို့အတူ တံတားမိုင်းခွဲခံရသည့် မေလ(၁၁)ရက်နေ့ကလည်း ကဇိုင်းအခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုမှ ပစ်ခတ်လိုက်သောလက်နက်ကြီးများသည် အဝန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဝန်ကြီးရွာနေ ဒေသခံလင်မယား(၂)ဦး သေဆုံး၍ နောက်ထပ် (၄)ဦး ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း နယ်မြေတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များက အဆိုပါကျုံအိတ်တံတားအား စစ်ကောင်စီထောက်ပို့လမ်းကြောင်းတွင်ရှိသည်ဟုဆိုကာ မိုင်းခွဲဖျက်ဆီးမှုပြုလုပ်ခဲ့သေးသည်။



















