မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်တွင် ယခုနှစ် ဒေသထွက်ဒူးရင်းသီးစပေါ်သည့်ကာလတွင် စျေးကောင်းရရှိနေပြီး ပင်ကြွေသီးတစ်လုံးကို ၃၀,၀၀၀ (သုံးသောင်း)ကျပ်အထိ စျေးရရှိနေသည်ဟု ဒေသထွက် သီးနှံများ ရောင်းဝယ်သူထံမှ သိရသည်။
ပထမအကြိမ် ဒူးရင်းသီးစတင်မှည့်သည့် ဧပြီလနှင့် မေလတွင် ဒေသထွက် ပင်ကြွေဒူးရင်းသီးတစ်လုံးကို ၇၀၀၀ (ခုနစ်ထောင်)ကျပ်မှ ၃၀၀၀၀ (သုံးသောင်း)ကျပ်အထိ စျေးကောင်းရရှိနေကြောင်း ဒေသထွက် သီးနှံ ရောင်းဝယ်သူတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ ဒူးရင်းသီးက ဒီနှစ် စျေးအရမ်းကောင်းတယ်။ အရင်နှစ်က ဒီလောက်စျေးမရှိဘူး။ ဒူးရင်းသီး စမှည့်တဲ့အချိန်က ဒူးရင်းသီးစျေးကောင်းတယ်။ နောက်ပြီး ရာသီဥတုက ပူပေမယ့်လည်း ရောင်းရတယ်။ ဝင်လာသလောက် ရောင်းလို့ကုန်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဒူးရင်းသီးအပြင် ဒေသထွက်မင်းကွတ်သီးသည်လည်း စျေးကွက်ထဲတွင် တစ်လုံးကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ စျေးကောင်းရရှိနေကြောင်းလည်း အဆိုပါ ဒေသထွက်သီးနှံရောင်းဝယ်သူက ဆက်ပြောသည်။
သို့သော် ကရင်ပြည်နယ်အတွင်း ဒူးရင်းသီးထွက်ရှိရာ ဒေသအချို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဖြတ်တောက်ထားသည့်အခြေအနေကြောင့် ဒူးရင်းသီးနှင့် အခြားဒေသထွက် သီးနှံများ စျေးကွက်ထဲ ဝင်လာမှုနည်းပါးကြောင်း ဒေသထွက်သီးနှံ ရောင်းဝယ်သူများက ပြောသည်။

ထို့အပြင် စျေးကွက်ထဲတွင် ဒူးရင်းသီးစျေးကောင်းရရှိသော်လည်း ပင်ရင်းဒူးရင်းသီး ထွက်ရှိသည့် ကော့ ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နှင့် ဖာပွန်ဒေသတွင် ဒူးရင်းသီးတစ်လုံးကို ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိသာ စျေးရရှိကြောင်းလည်း ဒူးရင်းစိုက်တောင်သူထံမှ သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ ဒူးရင်းစိုက်တောင်သူတစ်ဦးက “စျေးကွက်မှာတော့ စျေးကောင်းရတယ်။ ပင်ရင်းမှာတော့ အဲလောက်စျေးမရဘူး။ ပြီးခဲ့တဲ့နှစ်ထက် တစ်ထောင်နှစ်ထောင်လောက်ပဲ စျေးပိုရ တယ်။ ဒူးရင်းသီး ပင်ကြွေအသီးကတော့ စျေးကောင်းရတယ်။ ဒါပေမယ့် အဲဒီပင်ကြွေအသီးက ဝယ်စား သူထံအချိန်မီရောက်မှ အဆင်ပြေတယ်။ မဟုတ်ရင်အထားမခံဘူး။ တိုက်ပွဲတွေကြောင့် အသီးတွေ သယ်ဆောင်ရတဲ့အခါမှာ ကြန့်ကြာတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း စျေးကွက်ထဲတွင် ရောင်းဝယ်ကြသည့် ဒူးရင်းသီးအများစုမှာ ကရင်ပြည်နယ် ထွက်ဒူးရင်းသီးနှင့် မွန်ပြည်နယ်ထွက် ဒူးရင်းသီးများဖြစ်ကြပြီး တိုက်ပွဲဖြစ်ပွားသည့်အခြေအနေကြောင့် ဖာပွန်ဒေသထွက်ဒူးရင်းသီးများမှာ ယခုအချိန်တွင် စျေးကွက်ထဲဝင်လာမှု နည်းသေးကြောင်း ဒေသထွက်သီးနှံရောင်းဝယ်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ကရင်ပြည်နယ်အတွင်း ဒူးရင်းသီးစျေးကွက်ထဲ၌ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဒူးရင်းသီးများလည်း အစားထိုးဝင်ရောက်လာကြသလို လက်ရှိတွင် မြဝတီနယ်စပ်ရှိ လမ်းပန်း ဆက်သွယ်ရေးအခြေအနေကြောင့် ထိုင်းနိုင်ငံထွက် ဒူးရင်းသီး အဝင်နည်း၍ ဒေသထွက် ဒူးရင်းသီး စျေးကောင်းရလာခြင်းဖြစ်ကြောင်းလည်း ဒေသခံထံများက ပြောဆိုကြသည်။



















