မေလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မပြီးဆုံးသေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သည့် တော်လှန်ရေးခရီးစဉ်ကာလတွင် ကချင်လွတ်လပ်ရေးတပ်မတော်-KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခြင်းသည် တန်ဖိုးရှိ သည့် ပြည်ထောင်စုခေါင်းဆောင်တစ်ဦး ဆုံးရှုံးရခြင်းပင်ဖြစ်၍ ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက သဝဏ်လွှာပေးပို့ကာ ပြောဆိုသည်။
KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်းလွမ်းသည် မေလ (၁၃) ရက်နေ့ ညနေ ၆ နာရီ ၂၃ မိနစ်အချိန်တွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် မေလ (၁၄)ရက်နေ့တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကာ ယခုလို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ယခုလို ခေါင်းဆောင်တစ်ဦး ကွယ်လွန် သွားခြင်းသည် KIO နှင့် KIA အတွက် ဆုံးရှုံးမှုကြီးတစ်ရပ်အဖြစ်နည်းတူ KNU၊ KNLA၊ KNDO တပ်ဗိုလ် များကလည်း တန်ဖိုးရှိသည့် ပြည်ထောင်စုခေါင်းဆောင်တစ်ဦးဆုံးရှုံးရခြင်းအဖြစ်ခံယူကာ ထပ်တူထပ်မျှ ခံစားရကြောင်း ထိုပေးပို့သည့် ဝမ်းနည်းခြင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
တော်လှန်ရေးအတွက် အရေးကြီးသည့် ယခုလိုကာလတွင် သက်ရှိစဉ်ကာလ၌ KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်း၏ ကိုယ်ကျိုးစွန့်နစ်နာခံမှုများနှင့်တာဝန်ကို ဦးထိပ်ထားကာစံပြတပ်မှူးတစ်ဦးအနေဖြင့် စံနမူနာပြသသွားသည့်အတွက် လွန်စွာဂုဏ်ယူလေးစားကာ ဂါရဝပြုအပ်ကြောင်းလည်း ကေအဲန်ယူ၏ သဝဏ်လွှာထဲ၌ ထည့်သွင်းပြောဆိုထားသည်။
ကရင်အနီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ကလည်း KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကွယ်လွန်ခြင်း သည် ကချင်အမျိုးသားလွတ်လပ်ရေးအတွက် သာမကဘဲ စစ်အာဏာပြုတ်ကျရေးကြိုးပမ်းနေမှုများတွင် လည်း ကောင်း၊ တိုင်းရင်းသားတပ်ပေါင်းစုလုပ်ငန်းများအတွက် သော်လည်းကောင်း၊ မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးအတွက်သော်လည်းကောင်း ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်းလည်း အလားတူ သဝဏ် လွှာပေးပို့ကာ ပြောဆိုထားသည်။
အလားတူ KIA စစ်ဦးစီးချုပ်ကွယ်လွန်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တော် လှန်ရေးခေါင်းတစ်ဦး ဆုံးရှုံးရသည့်အတွက် KNU၊ KNPP၊ CNF၊ AA UWSP/UWSA၊ LDU၊ ABSDF အပါအဝင် မဟာ မိတ်တိုင်းရင်းသားအဖွဲ့များနှင့်တော်လှန်ရေးအင်အားစုများအပါအဝင် အဖွဲ့ပေါင်း ၃ဝ ကျော်မှ သဝဏ်လွှာအသီးသီးပေးပို့ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း၏ ဈာပနအခမ်းအနားကို ယမန်နေ့ မေလ (၁၆)ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ် ခဲ့သည်ဟု သိရသည်။



















