မေလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCA လက်မှတ်ရေးထားသော တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့တွင် မပါဝင်သေးသော (EAOs) အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပြောဆိုရေးလုပ်ငန်းအား အဖွဲ့၏ ရှေ့လုပ်ငန်းစဥ်အဖြစ် ထည့်သွင်းချမှတ်ခဲ့ကြောင်း 7 EAO Alliance က ပြောသည်။
မေလ (၇)ရက်မှ (၈)ရက်နေ့အထိ (၂)ရက်တာ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဥ်အနေဖြင့် သက်ဆိုင်သော နိုင်ငံရေး အင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့တွင် မပါဝင်သေးသော အခြားအဖွဲ့များနှင့် ညှိနှိုင်းရေးကိုပါ အဖွဲ့၏ ရှေ့လုပ်ငန်းစဥ်အဖြစ် ချမှတ်နိုင်ခဲ့သည်ဟု မဟာမိတ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
“ရလဒ်အနေနဲ့ကတော့ 7 EAO Alliances ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်းစဥ်တွေကို ဆွေးနွေး အတည်ပြုချက်ရယူပြီး လုပ်ငန်းကော်မတီရဲ့လုပ်ငန်းနဲ့တာဝန်တွေကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ရှေ့လုပ် ငန်းစဥ်အနေနဲ့ သက်ဆိုင်တဲ့နိုင်ငံရေးအင်အားစုတွေနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်တဲ့ကိစ္စတွေကိုလည်း အတည် ပြုနိုင်ခဲ့ပါတယ်။ ကျနော်တို့ EAO တွေဘက်က ဒီ(၇)ဖွဲ့ထဲမှာမပါသေးတဲ့ တခြား EAO တွေနဲ့ညှိနှိုင်းဖို့ ရှေ့လုပ်ငန်းစဥ်အနေနဲ့လည်း ချမှတ်နိုင်ခဲ့ပါတယ်။” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ထို့အပြင် 7 EAO Alliance ၏ လုပ်ငန်းကော်မတီတွင် ပါဝင်သွားမည့် ကိုယ်စားလှယ်များအား အတည် ပြုနိုင်ရေးကိုလည်း ရှေ့လုပ်ငန်းစဥ်အဖြစ် ထည့်သွင်းဆွေးနွေးခဲ့သလို လက်ရှိအကြပ်အတည်းကာလတွင် ပြည်သူလူထုနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အဖြေရှာရန်၊ ပြည်သူလူထုအသံကိုဖော်ထုတ်ရေး ရှေ့ဆက်ကြိုးပမ်းနိုင်ရန်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း DKBA ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လပိုင်းက ပြုလုပ်ခဲ့သော အပစ်ရပ်(၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအပြီး မြန်မာ နိုင်ငံငြိမ်း ချမ်းရေးအတွက်ဟုဆိုကာ ဖွဲ့စည်းခဲ့သည့် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးသည် အဖွဲ့ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်သည်။
7 EAO Alliance ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရန်နှင့် သက်ဆိုင်သူများပါဝင်သည့် နိုင်ငံ ရေးဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအကာအကွယ်ပေးရေးတွင် တာဝန်ရှိသည်ကို သိရှိစေခြင်း၊ သက်ဆိုင် သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်ဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ မတ်လ(၁၈)ရက်နေ့က ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။



















