Home သတင်း မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် ရေရှားပါးမှုဒဏ်ဆိုးရွားနေ

မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် ရေရှားပါးမှုဒဏ်ဆိုးရွားနေ

782
Photo: CJ

မေလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရာသီဥပြင်းထန်စွာ ပူပြင်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုတွင် မတ်လမှ စတင်ပြီး ရေရှားပါးမှုဒဏ်ကို ဒေသခံများ ဆိုးရွားစွာရင်ဆိုင်ကြုံတွေ့နေရပြီး သောက်သုံးရေ ပြတ်လပ်သည့် အခြေအနေအထိရှိလာကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင် နှင့် ကျိုက်မရော စသည့် မြို့နယ်များတွင် မတ်လကုန်ပိုင်းမှ စတင်ပြီး ရေရှားပါးမှုဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့နေရခြင်းဖြစ်ပြီး ဒေသခံများ အဓိက အားထားနေရသည့် အဝီစိတွင်းများတွင် ရေခမ်းခြောက်ကာ ရေကို ဝယ်ယူသောက်သုံးနေရကြောင်း မော်လမြိုင်မြို့နယ်ရှိ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အရင်လတွေကထက်ပိုဆိုးလာတယ်။ သောက်တဲ့ရေပြတ်လပ်တဲ့အထိ ကြီးမားတဲ့ ပြဿနာတစ်ခုလို ဖြစ်လာတယ်။ တစ်မြို့လုံးနီပါးရေပြတ်တဲ့အထိ ဖြစ်လာတယ်။ တချို့ဆို အဝီစိတွင်းတွေတောင် ရေမရ တော့ဘူး။ ဝယ်သောက်ဖို့အတွက်ကလည်း ခဏတာအတွက် အဆင်ပြေပေမဲ့ရေရှည်အတွက် အဆင် မပြေနိုင်ဘူးလေ။ သောက်ရေတောင်မရှိတော့ဘူး။ ဒီနှစ်ကအဆိုးဆုံးပဲ အရင်နှစ်တွေကထက်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်နှစ်များနည်းတူ သောက်သုံးရေ လိုက်လံကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ များအနေဖြင့်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်မြင့် မားခြင်း နှင့် သွားလာရေး အခက်အခဲများကြောင့် အလှူရှင်များနည်းပါးလာကြောင်း လူမှုကယ်ဆယ် ရေးအသင်းမှ တာဝန်ရှိသူများက ပြောသည်။

သောက်သုံးရေရှားပါးလာမှုသည် ယခင်နှစ်ကထက် ပိုမိုဆိုးဝါးလာသည့်အပြင် လျှပ်စစ်မီး ပြတ် တောက်မှုလည်း ယခင်ကထက် ပိုမိုဆိုးရွားလာသောကြောင့် ဒေသခံများအနေဖြင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲများကိုပါ ရင်ဆိုင်ကြုံတွေ့လာရကြောင်း မော်လမြိုင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံက “မီးကတစ်ရက်ကို နှစ်နာရီလောက်ပဲရတဲ့အနေအထားထိရှိလာတယ်။ တော်တော်ဆိုး လာတယ်လို့ ပြောလို့ရတယ်။ ရာသီဥတုကပူတော့ ပိုဆိုးတာပေါ့။ ဘယ်လိုမှ အဆင်မပြေဘူး။ ထမင်း အိုးတောင် တည်လို့ မရတော့ဘူး။ ဘယ်လိုလုပ်ကိုင် စားသောက်ရတော့မလဲ။ မီတာခကတော့ ပုံမှန်ပေးနေရတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ရှိပြီး ကျန်မြို့နယ်များတွင် ရေရှားပါးမှု ဆိုးဝါးစွာ ကြုံတွေ့ရခြင်း မရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ကမ္ဘာ့အပူရှိန်အမြင့်ဆုံး မြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ၇ မြို့ပါဝင်နေကာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့များ ပါဝင်နေခြင်းဖြစ်ဖြစ်သည်။ အပူရှိန်မြင့်မားမှုကြောင့် ဒေသခံများ အသက်သေဆုံးခြင်းနှင့် အရေပြားရောဂါ ပြဿနာများအပြင် ရေရှားပါးမှုဒဏ်ကို ခံစားနေကြရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။