Home သတင်း ဖာပွန်မြို့တွင် ကျန်ရှိစစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်က ဆက်လက်ပိတ်ဆို့ထားဆဲ

ဖာပွန်မြို့တွင် ကျန်ရှိစစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်က ဆက်လက်ပိတ်ဆို့ထားဆဲ

637
Photo: Social Media

မေလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၅) နယ်မြေ၊ ဖာပွန်မြို့တွင် ကျန်ရှိသည့်စစ်ကောင်စီ ဗျူဟာကုန်းစခန်းအပါအဝင် အရေးပါသည့် စခန်းများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း တပ်မဟာ(၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကြီး စခန်းငယ် စုစုပေါင်း (၂၀)ခန့် နှင့် မြို့တွင်း အခြေ စိုက်တပ်ရင်း (၂)ရင်းကို တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီးဖြစ်သလို စစ်ကောင်စီ အတွက်အရေးပါသည့် စခန်းများထဲမှ ခြေမြန်တပ်ရင်း (ခမရ−၃၄၀)၊(ခမရ-၃၄၁) နှင့် ဗျူဟာစခန်း ကုန်းများကိုလည်း တော်လှန်ရေးအင်အားစုများက အဖက်ဖက်မှ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူးကြီးစောကလယ်ဒို့က ယခုလို ပြောသည်။

၎င်းက “လက်ရှိမှာ စစ်ကောင်စီစခန်းတွေက ၁၀ ကျော်လောက်ကျန်အုံးမယ်။ သူတို့ရဲ့လှုပ်ရှားမှုကတော့ ဖာပွန်မြို့ နဲ့ အနီးအနားတွေကို လေယာဉ်နဲ့လာကြဲတယ်။ ကျန်နေသေးတဲ့စခန်းတွေကိုလည်း ပိတ်ဆို့မှုတွေ ရိက္ခာဖြတ်တောက်မှုတွေလုပ်နေပါတယ်။ သိမ်းပိုက်ထားတဲ့တပ်စခန်းတွေကိုလည်း စစ်ကောင်စီတပ်က ပြန်ရယူဖို့ ကြိုးစားပေမဲ့ နယ်မြေအနေအထားတွေ ပိတ်ဆို့မှုတွေသူတို့ခံရနေရတော့ ပြန်ရဖို့သူတို့ဘက်က ခက်ခဲနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် ယခု မေလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၇ ဦးသေဆုံး ကာ ၇ ဦးဒဏ် ရာရရှိခဲ့ကြောင်း ကေအဲန်ယူမူတြော် သတင်းစဉ်က ပြီးခဲ့သည့်မေလ ၁၆ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားခဲ့သေးသည်။

ဖာပွန်မြို့ပေါ် စခန်းသိမ်းတိုက်ပွဲများကို KNLA က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)တို့ ပါဝင်၍ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်မြို့ပေါ်တွင် ပိတ်မိနေသည့် အရပ်သားပြည်သူ ၃ ထောင်နီးပါးနှင့် မြို့အနီးကျေးရွာအုပ်စု ၄ အုပ်စုမှ ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်၏ လေယာဉ်များ မကြာခဏပျံဝဲနေသည့် အတွက်ကြောင့် ကျေးရွာအတွင်းမနေရဲဘဲ လူဦးရေ (၁၃,၀၀၀) ခန့်တိမ်းရှောင်နေရပြီး ထွက်ပြေး တိမ်းရှောင် သူနှင့်ပိတ်မိနေသူ လူဦးရေ (၁၆,၀၀၀) အထိရှိနေပြီးဖြစ်ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်၏ ပြုစုထားသော စာရင်းအရ သိရသည်။

ကမမောင်းနှင့် ဖာပွန်မြို့ကြားတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၀ ကျော်ရှိကာ တပ်စခန်း အချို့မှာ နှစ်ပေါင်းအတန်ကြာ အခိုင်အမာတည်ဆောက်ထားပြီး ခေတ်အဆက်ဆက်တွင် ဒေသခံပြည်သူ လူထုများကို ဖိနှိပ်မှုများလုပ်ဆောင်သောကြောင့် ၂၀၂၁ခုနှစ်၊ စစ်အာဏာမသိမ်းခင်ကတည်းက နယ်မြေအတွင်းရှိ တပ်စခန်းများ ထွက်ခွာပေးရန် ဒေသခံလူထုများ မကြာခဏ ဆန္ဒပြ တောင်းဆိုမှုများ လုပ်ဆောင်ခဲ့သေးသည်။