Home သတင်း ထိုင်း−မြန်မာနယ်စပ် ဖူးချိမူ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း SOF ထုတ်ပြန်

ထိုင်း−မြန်မာနယ်စပ် ဖူးချိမူ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း SOF ထုတ်ပြန်

856

မေလ ၂၆ ရက်၊၂၀၂၄ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဖူးချိ မူ (ဖိုးချိမှူး) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေးပူးပေါင်းတပ်က မေလ ၁၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း အထူးစစ် ဆင်ရေးတပ်ဖွဲ့-SOF ၏ယနေ့ထုတ်ပြန်ချက်အရသိရသည်။

အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၅၅၇)၊ ခြေမြန် တပ်ရင်း (ခမရ-၅၆၁) နှင့် အမြောက်တပ်(အမတ-၃၉၉ )တို့ တပ်ဖွဲ့ဝင် အင်အား (၁၀၀)ကျော်ဖြင့် အထိုင်ချသည့် အဆိုပါ စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုတွင် တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သလို ကျန်တပ်ဖွဲ့ဝင်များထဲမှ (၄၈) ဦးမှာ KNLA ထံ လက်နက်ချအညံ့ခံခဲ့ကာ ၃၀ ကျော်မှာ ထွက်ပြေးသွားခဲ့သည်ဟု မြေပြန်တာဝန်ရှိသူများက ဆိုသည်။

၎င်းဖူးချိမူစခန်းသည် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ နောက်ဆုံး ကျန်ရှိ နေသော လက်ကျန်စခန်းတစ်ခုလည်း ဖြစ်သောကြောင့် ယခုလို သိမ်းပိုက်မှုအပြီး အဆိုပါဒေသတွင် KNLA နှင့် တော်လှန်ရေး ပူးပေါင်း တပ်များက အပြည့်အဝနယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်းလည်း SOF ၏ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

၎င်းက “ဖူးချိမူ စစ်စခန်းက စစ်ကောင်စီရဲ့ အင်အားကြီးအထိုင်စခန်းတစ်ခုလည်းဖြစ်တယ်။ သူတို့စခန်းကို KNLA ကျနော်တို့တော်လှန်ရေးတပ်နဲ့အတူ ရက်အတော်ကြာ ရိက္ခာတွေ ၊စစ်ကူပို့လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်လိုက်တယ်။ ပြီးမှမြေပြင်ချေမှုန်းတပ်တွေနဲ့ ဒရုန်းနဲ့ကြဲချတော့ စခန်းကိုကျနော်တို့ရခဲ့တယ်။ နယ်မြေစိုးမိုးမှုလည်း ရထားပါတယ်” ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတို့ကို KNLA၊ SOF နှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိထားခဲ့ပြီး ယခုဖူချိမူ စစ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့ခြင်း ကြောင့် ထိုင်း−မြန်မာနယ်စပ်ရှိ နေရာတစ်ချို့ကို တော်လှန်ရေး အင်အားစုများက နယ်မြေစိုးမိုးထားနိုင် ပြီးလည်း ဖြစ်သည်။

၎င်း ဖူးချိမူ(ဖိုးချိမှူး)စစ်ကောင်စီတပ်စခန်းသည် ယခင်(၁၉၉၇) ခုနှစ်ကတည်းက လာရောက်အခြေချ တပ်စွဲနေ ထိုင်သည့်တပ်စခန်းတစ်ခုဖြစ်ပြီး ၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒေသခံအရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း နှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ကေအိုင်စီသို့ မေလ ၂၁ ရက်နေ့တွင် ပြောဆိုခဲ့ သေးသည်။

အလားတူ ဖူချိမူစခန်း မြောက်ဘက်ရှိ ကျိုက်ဒုံမြို့ အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆၆) ဦးလက်နက်ချ အညံ့ခံခဲ့သေးကြောင်း သိရသည်။